COVID-19 ကူးစက်မှု ဟန့်တားရန် မြန်မာနှင့် နယ်စပ်တလျောက်ရှိ ဒေသခံထောင်ချီကို တရုတ်က ဘေးကင်းရာ ပြောင်းရွှေ့ခိုင်း

COVID-19 ကူးစက်မှု ဟန့်တားရန် မြန်မာနှင့် နယ်စပ်တလျောက်ရှိ ဒေသခံထောင်ချီကို တရုတ်က ဘေးကင်းရာ ပြောင်းရွှေ့ခိုင်း

တရုတ်အာဏာပိုင်များသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို ဟန့်တားရန် ကြိုးပမ်းလျက်ရှိစဥ် မြန်မာနိုင်ငံနှင့် နယ်စပ်အနီး တရုတ်ဘက်ခြမ်း၌ နေထိုင်လျက် ရှိသော ပြည်သူထောင်နှင့်ချီကို ဘေးကင်းရာ ယာယီရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့သည်ဟု တရုတ်အစိုးရသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

ထို လုပ်ဆောင်ချက်သည် စောင့်ကြည့်ကင်မရာ ကွန်ရက်တစ်ခုဖြင့် စောင့်ကြည့်ပြီး အသစ် ကာရံထားသည့် သံဆူးကြိုး အကာအရံများ၏ နောက်ကွယ်တွင် ယာယီ “လူမနေသော နယ်မြေ” ဇုန်တစ်ခုအဖြစ် ဖန်တီးရန် ဖြစ်သည်။

ယူနန်ပြည်နယ် ကျယ်ဂေါင်အရပ်ရှိ ပြည်သူ ၅,၀၀၀ ကျော်တို့ကို ပြီးခဲ့သည့် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ထုပ်ပိုးပြင်ဆင်ခိုင်းခဲ့ပြီး ၎င်းတို့ကို ယင်းနေရာကနေ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) အဝေးတွင် ရှိသည့် မန်စီမြို့ရှိ ဂရု(ပ်) ကွာရန်တင်း စင်တာတစ်ခုဆီ ခေါ်ဆောင်ပို့ဆောင်ပေးမည့် ဘတ်စ်ကားများဖြင့် စီးနင်းလိုက်ပါသွားကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဘေးကင်းရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေသည့် ရွှေလီမြို့မှ အစိုးရသတင်းရင်းမြစ်တစ်ဦးက သြဂုတ် ၂၅ ရက်က ပြောကြားရာတွင် ယခု အစီအစဥ်အရ ဒေသခံများကို ဂရု(ပ်) ကွာရန်တင်းစင်တာတွင် ၁၄ ရက်ကြာ နေထိုင်ခိုင်းရန် နှင့် “လူအားလုံးကို နှံ့စပ်သေချာစွာ စစ်ဆေးရန်” ပင် ဖြစ်ကြောင်း ပြောခဲ့သည်။

အရပ်ဒေသရှိ ‌ဒေသခံအားလုံးကို လုံးဝဥဿုံ ဘေးကင်းရာ ရွှေ့ပြောင်းမှု ပြီးစီးထားခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအစီအမံသည် “မတတ်သာ၍ နောက်ဆုံး ကျင့်သုံးလိုက်ရသည့် အစီအမံ” ဖြစ်ကြောင်း၊ အကြောင်းမှာ အဆိုပါ အရပ်ဒေသသည် မတ်လကတည်းက လော့ခ်ဒေါင်း ချထားခဲ့သော်လည်း ပြည်တွင်းကူးစက်မှုများ ဆက်ရှိနေခဲ့၍ ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ဒေသအစိုးရသည် မည်သူတစ်ဦးတစ်ယောက်မှ နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာခြင်း မရှိစေရန်နှင့် ဒေသခံများ၏ အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရန် လမ်းများကို ကင်းလှည့်‌စောင့်ကြည့်မည့် လုံခြုံရေးနှင့် ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့များ စေလွှတ်ထားခဲ့ကြောင်း သိရသည်။

ကျယ်ဂေါင်တံတားသည် တရုတ်နှင့် မြန်မာအကြား အဓိက လမ်းအချိတ်အဆက် တစ်ခု ဖြစ်ပြီး ထို ဧရိယာသည် တစ်ခါက နယ်စပ်၏ နှစ်ဘက်စလုံးမှ ကျောက်စိမ်းနှင့် သံဖြူ ကုန်သည်များဖြင့် စည်ကားပြည့်နှက်နေခဲ့သည့် အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။
“ဒါက အင်မတန်မှ နာကျင်စရာ ကောင်းပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်၊ ဒီဗုဒ္ဓဟူးနေ့အထိ ဒီအရပ်ဒေသဟာ စုစုပေါင်း လော့ခ်ဒေါင်း ရက် ၁၅၀ အထိ ကျနေခဲ့ပါတယ်၊ ဒါဟာ ဒေသခံတွေအတွက် အရမ်းကို တင်းကျပ်လွန်းနေခဲ့တာဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒါပေမယ့် ဒီအရပ်ဒေသဟာ တစ်ခုတည်းသော ဗိုင်းရပ်စ် အန္တရာယ်အမြင့်ဆုံး ဇုန်အဖြစ် ရှိနေဆဲ ဆိုပြီး ယူနန်ပြည်နယ် ကျန်းမာရေးအာဏာပိုင်တွေက စာရင်းသွင်းထားပါတယ်၊ ဒါကြောင့် ဒေသခံအားလုံးကို မန်စီမှာ နှစ်ပတ်ကြာ ကွာရန်တင်း ထားဖို့ ကျွန်တော်တို့ မတတ်သာဘဲ လုပ်ဆောင်ခဲ့ရပါတယ်၊ အခြားရွေးချယ်စရာ နည်းလမ်း မရှိပါဘူး” ဟု ၎င်းက ပြောသည်။

အစိုးရအနေဖြင့်လည်း ခိုင်မာသည့် အထောက်အထား စာရွက်စာတမ်း မရှိသည့် တရုတ်နိုင်ငံသား မဟုတ်သော ဒေသခံ ထောင်ဂဏန်းအနည်းငယ်ကို ၎င်းတို့၏ မူလနိုင်ငံများဆီ ပြန်လည်ပို့ဆောင်ထားခဲ့ကြောင်းနှင့် ၎င်းတို့အနက် အများအားဖြင့် မြန်မာဘက်သို့ ပြန်ပို့ထားခဲ့ရသူများ ဖြစ်ပြီး လာအိုနိုင်ငံမှ လူအနည်းငယ်လည်း ပါဝင်ကြောင်း ၎င်းက ပြောခဲ့သည်။

ရွှေလီ၏ COVID-19 တုံ့ပြန်မှု ထိန်းချုပ်ရေးစင်တာမှ အမှုထမ်းတစ်ဦးကလည်း ရွှေ့ပြောင်းမှု ပြီးစီးထားသည်ဟု အတည်ပြုခဲ့ပြီး နောက်ထပ် အသေးစိတ်အချက်အလက်များ ထုတ်ဖော်ရန် ငြင်းဆန်ခဲ့သည်။

ခန္ဓာကိုယ်အပြည့် ရောဂါပိုး ကာကွယ်ရေး အဖြူရောင်ဝတ်စုံများ ဝတ်ထားသည့် ကျယ်ဂေါင် ဒေသခံများ ကွာရန်တင်း စင်တာသို့ သွားမည့် ဘတ်စ်ကားများပေါ် တက်နေသည့် ဗီဒီယိုကလစ်များလည်း ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ် ပျံ့နှံထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly