တောင်တရုတ်ပင်လယ်တွင် တရုတ်က အကျပ်ကိုင် ခြိမ်းခြောက်မှုများ လုပ်နေကြောင်း အမေရိကန် ဒုသမ္မတ ပြောကြား

တောင်တရုတ်ပင်လယ်တွင် တရုတ်က အကျပ်ကိုင် ခြိမ်းခြောက်မှုများ လုပ်နေကြောင်း အမေရိကန် ဒုသမ္မတ ပြောကြား

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ကျူးကျော်နေမှုများကို အမေရိကန်ဒုတိယသမ္မတ ကမလာ ဟာရစ်က ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်း၏ လုပ်ရပ်များသည် အကျပ်ကိုင်ခြိမ်းခြောက်သည့် ပုံပေါက်နေကြောင်း သတိပေးလိုက်သည်။

တရုတ်အစိုးရ၏ တိုးမြှင့်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်က ဒေသတွင်း မဟာမိတ်များကို ထောက်ခံမည်ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားခဲ့သည်။

“တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းအများစုကို အတင်းအဓမ္မခြိမ်းခြောက်အကျပ်ကိုင်ပြီး ရယူဖို့ ကြိုးပမ်းနေတယ်ဆိုတာ ကျွန်မတို့ သိပါတယ်” ဟု စင်္ကာပူ၌ပြုလုပ်သည့် အဓိကနိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းတွင် သူမက ပြောကြားခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်အစိုးရ၏ မျှော်မှန်းချက်ကို ချပြခဲ့သည်။

“တရုတ်အစိုးရရဲ့လုပ်ဆောင်ချက်တွေက စည်းမျဉ်းစည်းကမ်းအခြေခံစနစ်ကို ပျက်ပြားစေပြီး နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေပါတယ်”

သယံဇာတပေါကြွယ်ဝသော ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောကြားထားပြီး ယင်းနေရာတွင် နှစ်စဉ် ဒေါ်လာထရီလီယံနှင့် ချီသော ကုန်သွယ်ရေးသင်္ဘော ဖြတ်သန်းသွားလာနေသည့် ယင်းနေရာကို တခြား အရှေ့တောင်အာရှနိုင်ငံ ၄နိုင်ငံနှင့် ထိုင်ဝမ်ကလည်း ပိုင်ဆိုင်ကြောင်း ပြောကြားနေသည်။

ပေကျင်းသည် ယင်းနေရာတွင် သင်္ဘောဖျက်ဒုံးကျည်နှင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များအပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းများစွာဖြန့်ကျက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး သမိုင်းကြောင်းအရ ယင်းရေပိုက်နက် အများစုကို ပိုင်ဆိုင်ကြောင်း ပြောကြားချက်မှာ သက်သေမခိုင်လုံကြောင်း ဆုံးဖြတ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုခဲ့သည်။

မကြာသေးမီလများအတွင်း တရုတ်နှင့် ပြိုင်ဘက်တောင်းဆိုသူများအကြားတင်းမာမှုများမြင့်တက်လာခဲ့သည်။

အမေရိကန်ဒုသမ္မတ ကမလာ ဟာရစ်၏ မိန့်ခွန်းသည် အမေရိကန်အစိုးရအတွက် အရေးပါသော ဒေသတစ်ခု တွင် မဟာမိတ်များအား ထောက်ပံ့ရန် အမေရိကန်၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြု လိုက်ခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရေးမှာ အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ၏ ဗဟိုချက်ဖြစ်သည်။

အရှေ့တောင်အာရှသို့ တစ်ပတ်ကြာခရီးသွားရောက်နေသော အမေရိကန်ဒုသမ္မတက တရုတ်၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရစဉ် အမေရိကန်က မဟာမိတ်များ၊ မိတ်ဖက်များနှင့် အတူရပ်တည်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly