ကဘူးလ်က လေကြောင်းကယ်ထုတ်ရေးမှာ ‘သေချာပေါက် ခြိမ်းခြောက်မှုတွေ’ ရှိနေလို့ အမေရိကန် သတိပေး

ကဘူးလ်က လေကြောင်းကယ်ထုတ်ရေးမှာ ‘သေချာပေါက် ခြိမ်းခြောက်မှုတွေ’ ရှိနေလို့ အမေရိကန် သတိပေး
Photo-AFP

အမေရိကန်နဲ့ အာဖဂန်မဟာမိတ်တွေကို ကယ်ထုတ်နေတဲ့ ကဘူးလ်လေဆိပ်က ဘေးအန္တရာယ်များတဲ့ လေကြောင်းကယ်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေဟာ ‘သေချာပေါက် မလွဲနိုင်တဲ့ ခြိမ်းခြောက်မှုတွေ’နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်ဆိုပြီး ပင်တဂွန်က သောကြာနေ့မှာ သတိပေးပါတယ်။ 

တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ လူအုပ်ကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲလို့ အမေရိကန် အမှုထမ်း ၁၃ ဦး အပါအဝင် လူတော်တော်များများ သေဆုံးခဲ့ရတဲ့ နောက်တစ်ရက်မှာပဲ ပင်တဂွန်က သတိပေးလာခဲ့တာပါ။ 

အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်တယ်ဆိုထားတဲ့ ဒီ ဗုံးဖောက်ခွဲမှုဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတာ ဖြစ်ပေမယ့် တာလီဘန်တွေရဲ့ ခြောက်ခြားစဖွယ် တင်းမာတဲ့ အုပ်ချုပ်ရေးကနေ လွတ်မြောက်ဖို့ လေဆိပ်မှာ ဝိုင်းအုံနေတဲ့ လူအများကို ပြင်းပြင်းထန်ထန် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီ တိုက်ခိုက်မှုမှာ အရပ်သား ၇၂ ဦးနဲ့ အမေရိကန်စစ်သား ၁၃ ဦး သေဆုံးတယ်လို့ အာဏာပိုင်အဖွဲ့အစည်းအသီးသီးက ဆိုပြီး အမေရိကန်ဦးဆောင်တဲ့ ကယ်ထုတ်ရေးလုပ်ငန်းတွေကို ဖြစ်အံ့ဆဲဆဲ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သတိပေးချက်တွေကြားကပဲ ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ကယ်ထုတ်ရေးလုပ်ငန်းစဉ်တွေဟာ ဩဂုတ် ၃၁ ရက် နောက်ဆုံးသတ်မှတ်ရက်နဲ့လည်း နီးကပ်လာချိန်ပါ။ 

သေဆုံးသူဦးရေက နှစ်ဆအထိ ပိုများနိုင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပေမယ့် သေဆုံးနှုန်းနဲ့ ပတ်သက်လို့ အေအက်ဖ်ပီရဲ့ စုံစမ်းမေးမြန်းမှုကို ကဘူးလ်က တာဝန်ရှိသူတွေက ချက်ချင်မပြန်ကြားပါ။ 

“သေချာပေါက် ခြိမ်းခြောက်မှုတွေ၊ မလွဲနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ ယူဆထားတယ်”လို့ ပင်တဂွန်ပြောခွင့်ရသူ ဂျွန်ကားဘီက သတင်းထောက်တွေကို ပြောပါတယ်။ 

“ကျွန်တော်တို့ သေချာပြင်ဆင်နေပြီး နောက်ဖြစ်လာမှာတွေကိုလည်း လုံးလုံး မျှော်လင့်ထားတယ်”လို့ သူက ပြောပါတယ်။ 

ကဘူးလ်လေဆိပ် ဗုံးခွဲမှုဟာ အရင်က ယူဆထားသလို အသေခံဗုံး နှစ်ခါခွဲတာ မဟုတ်ဘဲ တစ်ကြိမ်တည်းပဲ ဖြစ်တယ်လို့ ပင်တဂွန်က အတည်ပြုဆိုပါတယ်။ 

နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်တန်ခြေရှိနေပြီး နောက်ဆုံးသတ်မှတ်ရက် မရောက်ခင်ကြားက လာမည်ရက်ပိုင်းဟာ ပိုပြီး အန္တရာယ်များတဲ့ ရက်တွေ ဖြစ်လိမ့်မယ်လို့ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးပညာရှင်တွေက ပြောထားကြောင်း အိမ်ဖြူတော်မှာ သမ္မတဂျိူးဘိုင်ဒင်ရဲ့ ပြန်ကြားရေးအတွင်းဝန် ယန်းဆာကီက ပြောဆိုပါတယ်။ 

လေဆိပ်ထဲမှာ ကယ်ထုတ်ပေးရဖို့ လူပေါင်း ၅၀၀၀ ကျော်ထက်မနည်း ရှိနေတယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီး ဟန့်တေလာက ပြောကာ ‘နောက်ဆုံးအချိန်အထိ’ လေကြောင်းကယ်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလေးအနက် ပြောပါတယ်။ 

ကဘူးလ်လေဆိပ်က စစ်ရေးနေရာ အချို့အပိုင်းတွေဆီ တိုက်ခိုက်ရေးသမားတွေ ဝင်ရောက်နိုင်ခဲ့ပြီး ထိန်းချုပ်ထားတယ်လို့ တာလီဘန်ပြောခွင့်ရသူ ဘီလာကာရီမီက တွစ်တာမှာ ရေးသားပေမယ့် ပင်တဂွန်က ပြန်လည်တုံ့ပြန်ပြောဆိုတဲ့အနေနဲ့ လေဆိပ်ဂိတ်တွေနဲ့ လုပ်ငန်းဆောင်တာတွေဟာ အမေရိကန်စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တယ်လို့ ဂျွန်ကားဘီက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required