ဇီဝလောင်စာလုပ်ငန်းတွေကို ငွေစိုက်ထုတ်ပေးတဲ့အပေါ် လန်ဒန်မြို့လယ်ခေါင်မှာ ကန့်ကွက်

By AFP
28 August 2021
ဇီဝလောင်စာလုပ်ငန်းတွေကို ငွေစိုက်ထုတ်ပေးတဲ့အပေါ် လန်ဒန်မြို့လယ်ခေါင်မှာ ကန့်ကွက်

လန်ဒန်မှာ ဇီဝလောင်စာလုပ်ငန်းတွေကို ရန်ပုံငွေစိုက်ထုတ်မတည်ပေးတဲ့အတွက် Extinction Rebellion ဆိုတဲ့ ဘာဝပတ်ဝန်းကျင်လှုပ်ရှားရေးအဖွဲ့က ဦးဆောင်ပြီး လန်ဒန်မြို့ရဲ့ အချက်အချာကျတဲ့အနေရာတစ်ခုမှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ 

အင်အား သုံးလေးရာရှိတဲ့ ဆန္ဒပြသူတွေက ဘင်ခရာဒရမ်တွေ တီးနှက်ကြပြီး မြို့ရဲ့ စည်းကားရာနေရာတွေကို ဖြတ်သန်းကာ ချီတက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။ 

“ဇီဝလောင်စာမှာ အနာဂတ် ပျောက်ရမယ်”၊ “ရာသီဥတု ဖရိုဖရဲဖြစ်မယ့် ရန်ပုံငွေမတည်မှုတွေ ရပ်ပါ” ဆိုတဲ့စာတမ်းတွေကို ကိုင်ဆောင်ပြီးချီတက်ခဲ့တာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းထောက်တွေက ပြောပါတယ်။ 

“ဗြိတိန်ရဲ့ အဆီအနှစ်ထုတ်ယူ ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့ ရာစုနှစ်များစွာ ကျူးလွန်မှု”ကို မီးမောင်းထိုးပြနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆန္ဒပြလှုပ်ရှားမှုအဖွဲ့က တွစ်တာမှာ ရေးသားပါတယ်။ 

ဆန္ဒပြသူတွေဟာ ဘဏ္ဍရေးရာ ဥပဒေဝန်ဆောင်မှု Maples ကုမ္ပဏီအပြင်ဖက်မှာ ရပ်တန့်ကြပြီး ‘သွေးစွန်ပိုက်ဆံနဲ့ တည်ဆောက်ထားသည်’ ဆိုတဲ့ ပိုစတာကို ကုမ္ပဏီအဆောက်အအုံမှာ ကပ်ထားကြပါတယ်။ 

“ကျွန်မတို့ Maples အုပ်စုကို ပစ်မှတ်ထားထားတယ်၊ သူတို့ဟာ အခွန်ကင်းလွတ်ခွင့်ကို အသုံးချနေတာကြောင့် အခွန်အကောက် ပေးဆောင်ကြတာ မရှိဘူး”လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ထရီနာက ပြောပါတယ်။ သူတို့ ပစ်မှတ်ထဲမှာ ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေလို ကုမ္ပဏီတွေ အများအပြား ရှိနေကြောင်း ဖြည့်စွက်ပြောပါတယ်။ 

အစောပိုင်းက ဆန္ဒပြချီတက်သူတွေဟာ Standard Chartered ဘဏ်ရုံးတွေကို ဆေးနီးတွေနဲ့ ပက်ဖျန်းကြသလို Bank of England အပြင်ဖက်မှာလည်း စုရုံးဆန္ဒပြကြပါတယ်။ 

Extinction Rebellion ရဲ့ ခုလို ကြားဝင်လုပ်ဆောင်မှုကို ထောက်ခံကြောင်း လူမှုတရားမျှတရေးအဖွဲ့အစည်း Global Justice Now က ပြောပြီး “ရာသီဥတုကပ်ဘေးဆိုက်စေမယ့် အရင်းအမြစ်ကနေ ဘဏ်နဲ့ ကော်ပိုရေးရှင်းတွေဟာ အမြတ်ရနေတာ ဖြစ်တယ်”လို့ တွစ်တာမှာ ရေးသားဖော်ပြပါတယ်။ 

Extinction Rebellion အဖွဲ့ဟာ ဆန္ဒပြမှုတွေနဲ့ အရေးယူလှုပ်ရှားမှု သီတင်းနှစ်ပတ်တာ ဆင်နွှဲရေးကို တနင်္လာနေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုအပေါ် ‘အားချင်း’ အရေးယူဆောင်ရွက်ဖို့ အစိုးရတွေကိုလည်း တိုက်တွန်းတောင်းဆိုလျက် ရှိပါတယ်။ 

ဒီ တက်ကြွလှုပ်ရှားတဲ့ ကွန်ရက်အဖွဲ့ဟာ ၂၀၁၈ ခုနှစ်က ဗြိတိန်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အစိုးရရဲ့ ရာသီဥတုပြောင်းလဲမှုအပေါ် အရေးတယူမရှိတာကို မီးမောင်းထိုးပြဖို့ အရပ်ဖက်အာဏာဖီဆန်ရေးကို ပုံမှန်ဆိုသလို ဆောင်ရွက်ကြတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly