မန္တလေးသပိတ် ဖြိုခွင်းခံရပြီး မိန်းကလေး ၁ ဦး ကျည်ထိမှန်ထား၊ ဖမ်းဆီးခံခဲ့ရသူ တချို့ရှိနေ

မန္တလေးသပိတ် ဖြိုခွင်းခံရပြီး မိန်းကလေး ၁ ဦး ကျည်ထိမှန်ထား၊ ဖမ်းဆီးခံခဲ့ရသူ တချို့ရှိနေ

စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းနေသည့် မန္တလေးမြို့က သပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကား၊ အရပ်ဝတ်များဖြင့် လာရောက် ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် မိန်းကလေးတစ်ဦး ကျည်ထိမှန် တစ်ဦးဖမ်းဆီးခံထားရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူများက မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့ ၇၂လမ်း၊ ၂၈ လမ်း၊ အေရပ်ကွက် လမ်းကြားတွင် စုရပ်ပြုလုပ်ပြီး ချီတက်ဆန္ဒပြရန် ပြင်ဆင်နေသည့် သပိတ်စစ်ကြောင်းကို ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ရုတ်တရက်ရောက်လာပြီး သေနတ်ပစ်ခတ် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

“ခုလောလောဆယ်က တော့မိန်းကလေးတစ်ဦးကတော့ ပါသွားတယ်ဗျ။ နောက်ထက်လမိန်းကလေးတစ်ဦးက ကျည်ထိထားပါတယ်” ဟု မန္တလေးမြို့ သပိတ်တွင် ပါဝင်သူ လူငယ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေး သပိတ်အင်အားစု ကော်မတီကလည်း “မန္တလေးသပိတ်အင်အားစု ဆန္ဒပြချီတက်နေစဉ် အတွင်းဖက်ဆစ်စစ်တပ်မှအိမ်စီးကားများဖြင့်လာရောက်ဖြိုခွင်းခြင်းခံရပါတယ်။ မိန်းကလေးတစ်ဦးဖမ်းဆီး ခံလိုက် ရပြီး မိန်းကလေးတစ်ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရထားပါတယ်” ဟု ကနဦး အသိပေးထားသည်။

လက်ရှိတွင် ဖမ်းဆီးခံသူ လူငယ်များ၏ စာရင်းကို တိတိကျကျမသိရသေးဘဲ သပိတ်တာဝန်ရှိသူများက စီစစ်နေဆဲ ဖြစ်သည်။ ဆန္ဒပြလူငယ်များ စီးနင်းလာသည့် ဆိုင်ကယ်များကိုလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း မြို့ခံလူငယ်များက ပြောသည်။

မန္တလေးမြို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် အစောဆုံးလမ်းပေါ်ထွက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစစ်အဆေး တင်းကြပ်ထားကြားက နေ့စဉ်ဆက်တိုက် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly