ဘင်္ဂလားဒေ့ရှ်မှာ ခရီးသည်တင်စက်လှေနဲ့ သဲတင်ရေယာဉ် တိုက်မိပြီး လူ ၂၁ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်မှာ ခရီးသည်တင်စက်လှေနဲ့ သဲတင်ရေယာဉ် တိုက်မိပြီး လူ ၂၁ ဦး သေဆုံး
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းက ရေကန်ကြီးတစ်ကန်မှာ ခရီးသည်တင် စက်လှေတစ်စင်းနဲ့ သဲတင်ရေယာဉ်တစ်စင်း တိုက်မိပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးကာ ဒါဇင်များစွာ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဘီဂျိုးင်းနာဂါမြို့က ရေကန်ကြီးမှာ အခု ရေယာဉ်တိုက်မှုဖြစ်ချိန် စက်လှေပေါ် ခရီးသည်ပေါင်း ၆၀ ဝန်းကျင် လိုက်ပါလာတာဖြစ်တယ်လို့ ဒေသအစိုးရအုပ်ချုပ်ရေးမှူး ဒူအူလာ ခန်းက ပြောပါတယ်။ 

သဲတင်ယာဉ်ရဲ့ သံမဏိအစွန်းနဲ့ စက်လှေ တိုက်မိရာကနေ ခရီးသည်တင်စက်လှေဟာ တိမ်းမှောက်ခဲ့ရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

“အမျိုးသမီး ကိုးဦးနဲ့ ကလေးငယ် ခြောက်ဦးအပါအဝင် ရုပ်အလောင်းပေါင်း ၂၁ လောင်းကို လက်ရှိအထိ ရှာတွေ့ထားပါတယ်”လို့ ဒူအူလာ ခန်းက အေအက်ဖ်ပီကို ပြောပြီး သေဆုံးသူ ထပ်များလာနိုင်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။ 

အခု ရေယာဉ်တိုက်မိတဲ့ နေရာမှာ သေဆုံးသူတွေကို ရေငုပ်သမားတွေ ဆက်လက်ရှာဖွေနေပြီး အိမ်နီးချင်းမြို့တွေကနေကလည်း အင်အားဖြည့်ပေးဖို့ အကူအညီတောင်ခံထားကြောင်း ဒေသမီးသတ်ဌာန ပြောခွင့်ရသူ တူဖီကူ အစ္စလာမ်က ပြောပါတယ်။ ကယ်ဆယ်ရှာဖွေရေးတွေမှာ ဒေသခံတွေကလည်း ပူးပေါင်းကူညီပေးလျက် ရှိနေပါတယ်။ 

နစ်မြုပ်တဲ့ စက်လှေကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ လူ ခုနစ်ဦးကို ဒေသဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ ရဲဌာနက ဆိုပါတယ်။ 

အခီ အက်တာဆိုတဲ့ အမျိုးသမီးတစ်ဦးက သူဟာ သားဖြစ်သူ၊ ယောက္ခမနဲ့ မတ်ဖြစ်သူနဲ့ စက်လှေပေါ် လိုက်ပါခရီးထွက်လာခဲ့တာလို့ ဆိုပါတယ်။ 

“စက်လှေတိုက်မိတော့ ကျွန်မက ကမ်းဆီ ရေကူးသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေကတော့ ပျောက်ဆုံးနေတုန်းပဲ”လို့ မျက်ရည်တသွင်သွင်ကျလို့ ပြောဆိုပါတယ်။ 

အခု ရေယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးဖို့ ဌာနေအာဏာပိုင်တွေဟာ စုံစမ်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ 

တောင်အာရှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလားတူ ရေကြောင်းမတော်တဆမှုတွေ အဖြစ်များရာမှာ အခု မတော်တဆမှုက နောက်ဆုံး ဖြစ်စဉ်ပါပဲ။ 

ဧပြီနဲ့ မေလတုန်းကလည်း စက်လှေနစ်မြုပ်မှု နှစ်ခါဖြစ်ခဲ့ရာမှာ လူပေါင်း ၅၄ ဦးအထိ သေဆုံးခဲ့ရပါတယ်။ 

မတော်တဆမှု အများစုဟာ သင်္ဘောကျင်းတွေမှာ ညံ့ဖျင်းတဲ့ စီမံထိန်းသိမ်းမှု၊ အားနည်းတဲ့ ဘေးအန္တရာယ် စံချိန်စံညွှန်းတွေနဲ့ လူအပြည့်အသိပ် တင်ဆောင်မှုတွေကြောင့် ဖြစ်ရတယ်လို့ ပညာရှင်တွေက အပြစ်ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly