ကားအိပ်ဇောပိုက်က အမှုန်အမွှားတွေနဲ့ ထုတ်လုပ်တဲ့ မူးယစ်ဆေးသစ်ကို ကွန်ဂိုမှာ နှိမ်နင်းရေး ဆောင်ရွက် 

ကားအိပ်ဇောပိုက်က အမှုန်အမွှားတွေနဲ့ ထုတ်လုပ်တဲ့ မူးယစ်ဆေးသစ်ကို ကွန်ဂိုမှာ နှိမ်နင်းရေး ဆောင်ရွက် 
Photo - AFP

ဩဂုတ် ၂၇

ကွန်ဂိုနိုင်ငံမှာ ကားအိပ်ဇောပိုက်မှာ ကပ်နေတဲ့ အမှုန့်အမွှားတွေ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး ထုတ်လုပ်တဲ့ bombe ဆိုပြီး ရေပန်းစားနေတဲ့ မူးယစ်ဆေးသစ်တစ်မျိုးကို ရဲတွေက နှိမ်နင်းရေး ဆောင်ရွက်နေပါတယ်။ 

အဲဒီ bombe မူးယစ်ဆေးသစ် သုံးစွဲသူနဲ့ အရောင်းအဝယ်လုပ်သူ သံသယရှိတဲ့ ဒါဇင်များစွာကို ကွန်ဂိုရဲတွေက ကြာသပတေးနေ့မှာ စီးနင်းဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

သမ္မတ ဖယ်လစ်ဇ် ရှီစီကီဒီရဲ့ အရေးယူဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တောင်းဆိုလာတာကြောင့် မြို့တော် ကင်ရှာဆာက ရဲဌာနချုပ်မှာ အဲဒီ မူးယစ်ဆေးသစ် သုံးစွဲတယ်နဲ့ ရောင်းဝယ်တယ်လို့ စွပ်စွဲခံရသူ ၁၀၀ နီးပါးကို တာဝန်ရှိသူတွေက စီတန်းစစ်ဆေးခဲ့တာပါ။ 

သိုဝှက်ထားကြတဲ့ ကိုကင်း၊ ဘိန်းဖြူ၊ ဆေးခြောက်နဲ့ ဆေးရှူပြောင်းတွေနဲ့အတူ ‘bombe လို့ တော်တော်များများ သိကြတဲ့ အမှုန့်တွေ’ပါ အိတ်ငယ်တွေကို ရဲတွေက ခင်းကျင်းပြသခဲ့ပါတယ်။ အစိုင်အခဲပုံစံ ပြောင်းထားတဲ့ မည်းနက်တဲ့ အပိုင်းအခဲတွေပါ ပလတ်စတစ်အိတ်တစ်အိတ်ကိုလည်း ပြသထားတာ တွေ့ရပါတယ်။ 

ကားအစိတ်အပိုင်းတွေကနေ ခြစ်ယူထားတဲ့ အမှုန့်တွေနဲ့ ‘ဆေးဝါးထုတ်ကုန်တွေ’ကို ရောနှောပြီး အခု မူးယစ်ဆေးဝါးကို ဖန်တီးထုတ်လုပ်ကြတာ ဖြစ်တယ်လို့ ရာဇဝတ်မှုတပ်ဖွဲ့ အကြီးအကဲ အယ်ဖွန်ဆီ လန်ဒူးက သတင်းထောက်တွေကို ပြောပါတယ်။ 

တစ်ချို့က အညံ့ခံပြီး တစ်ချို့က ခုခံခဲ့တာတွေ ရှိခဲ့တဲ့ ဖမ်းဆီးခံရသူတွေကြား အယောက် ၂၀ ဟာ မူးယစ်ဆေး သိုလှောင်တာနဲ့ ရောင်းချတာအတွက် ရဲက စွပ်စွဲထားပါတယ်။ 

“ကျွန်မ ဘယ်တုန်းကမျှ မူးယစ်ဆေး မသုံးခဲ့ပါဘူး”လို့ ရှာဖွေမှုအတွင်း အဖမ်းခံခဲ့ရတဲ့ အသက် ၃၃ နှစ်အရွယ်  ဆန်ဒရာက အေအက်ဖ်ပီကို ပြောပါတယ်။ 

ကိုယ်ကိုကို ဝေးလ်လို့ အမည်ဖော်ပြတဲ့ အခြား အမျိုးသားတစ်ဦးကတော့ “ဖယောင်းတိုင် တစ်တိုင်ကလွဲလို့ ဘာမှ လက်ဝယ်ရှိထားတာ မဟုတ်ဘဲနဲ့ အဖမ်းခံခဲ့ရတာပါ”လို့ ဆိုပါတယ်။ 

ဖမ်းခံရသူတွေထဲက အချို့ကို တရားစွဲဆိုမှာ ဖြစ်ပြီး ကျန်သူတွေကို နိုင်ငံအရှေ့တောင်ပိုင်းက ဆိုးသွမ်းလူငယ်တွေကို အလုပ်စခန်းသွင်းရာ စင်တာဆီ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly