ကလေးမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်၊ ဒေသခံများဘေးလွတ်ရာထွက်ပြေးနေရ

ကလေးမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်၊ ဒေသခံများဘေးလွတ်ရာထွက်ပြေးနေရ

ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တင်သားရွာတဝိုက်တွင် ယနေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့တိုက်ပွဲပြင်းထန်နေကြောင်း People's Defence Force- Asheysi က ထုတ်ပြန်သည်။

"ကျွန်တော်တို့ ကလေးမြို့ရပ်ကွက်တချို့ကနေ လက်နက်ကြီးသံတွေ ကြားရတယ်ဗျ။ ရွာသားတွေပြေးနေရပြီဗျ။ စစ်တပ်က အမြဲတမ်းစစ်ကြောင်းထွက်နေတာ၊ ဒီနေ့တော့ တိုက်ပွဲအတော်ကြမ်းတယ်။ ရွာတွေထဲထိ လက်နက်ကြီးတွေနဲ့ စစ်တပ်ကပစ်နေတယ်လို့ ပြောတယ်"ဟု ကလေးမြို့ ဒေသခံတဦးကပြောသည်။

ယနေ့ ညနေကတည်းက တင်သားရွာတဝှိုက်တွင် အကြမ်းဖက်အုပ်စုနှင့် ထိတွေ့မှုဖြစ်နေကြောင်း၊ တိုက်ပွဲမှာ ထင်ထားသည်ထက် ပိုမိုပြင်းထန်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုနေကြောင်း၊ တိုက်ပွဲသည် တင်သားကျေးရွာ ၏ စက်ရုံကုန်းနေရာအထိ ရောက်လာပြီး အရင်တစ်ခေါက်တိုက်ပွဲထက် စစ်ကောင်စီ၏ အင်အားပိုမိုများပြားနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကလေးမြို့နှင့် မိုင်၂၀ကျော်ဝေးကွာပြီး တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝှိုက်ရှိ အရှေ့စည်း၊ဒိုးနွယ်၊ကျောက်ဖူးနှင့်တင်သားကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly