သတင်းထောက်တွေ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ကန်သံရုံး တောင်းဆို 

27 August 2021
သတင်းထောက်တွေ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ကန်သံရုံး တောင်းဆို 

သတင်းထောက်တွေ သူတို့အလုပ် သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေ ကြားသိရတဲ့အတွက် တုန်လှုပ် ချောက်ချားမိကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက မနေ့တုန်းက ကြေညာချက်ထုတ် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာသာမကဘဲ ကမ္ဘာတလွှားက ပြည်သူလူထုဟာ မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိကြရမှာဖြစ်ပြီး သတင်းအချက်အလက်နဲ့ တွေးခေါ် ယူဆမှုတွေကိုလည်း လွတ်လပ်စွာ ရှာဖွေ၊ ရယူ၊ မျှဝေခွင့်ရှိသင့်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သတင်းထောက်တွေဟာ အကြောက်တရားကင်းမဲ့စွာ သတင်းတွေကို လွတ်လွတ်လပ်လပ် တင်ပြခွင့် ရှိရမယ်လို့လည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီးတဲ့နောက်ပိုင်း အမေရိကန်သံရုံးရဲ့ အခုကြေညာချက် ထွက်လာတာပါ။ Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အယ်ဒီတာတဦးဖြစ်သူ Danny Fenster ကိုပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက အကြိမ်ကြိမ်တောင်းဆိုထားပေမယ့် စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲရှိပါတယ်။ အခုချိန်ထိဆိုရင် သတင်းထောက် ၉၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တွေက တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမီဒီယာ ၈ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာ၊ ခြိမ်းချောက်တာ စတဲ့ ဖိနှိပ်မှုမျိုးစုံသုံးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ် ထိန်းချုပ်လာခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly