မိုင်းလင်းဆရာတော်ကြီး ဘဒ္ဒန္တဝိမလ COVID-19 ရောဂါဖြင့် ပျံလွန်တော်မူ

မိုင်းလင်းဆရာတော်ကြီး ဘဒ္ဒန္တဝိမလ COVID-19 ရောဂါဖြင့် ပျံလွန်တော်မူ

ဩဂုတ် ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ သည် ယနေ့ (သြဂုတ် ၂၆ ရက်) ၁၁ နာရီကျော်အချိန်ခန့် က COVID-19 ရောဂါဖြင့် ပျံလွန်တော်မူခဲ့ကြောင်း ဆရာတော်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

ကျန်းမာရေးရောဂါ လက္ခဏာအခြေအနေကြောင့် COVID-19 ရောဂါပိုးရှိမရှိ သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းအချိန်က စစ်ဆေးရာ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သီတင်းသုံးနေထိုင်ရာ စွမ်ဟိန်းဂူမှ ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

မိုင်းလင်း ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလသည် သက်တော် ၆၁ နှစ် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ ဆရာတော်ဘုရားကြီးသည် ရသေ့ ဝတ်ပြီးနောက် ရဟန်းဘဝသို့ကူးပြောင်းခဲ့ရာ ဝါတော် ၃၁ အရောက်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

တာလေမြို့ ရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်၏ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာဘရာဇာခူး ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလသည် ဓမ္မဂမ္ဘီရသာသနာ့ စွမ်ဟိန်း လှိုင်ဂူတော်ကြီးတွင်သီတင်းသုံးနေထိုင်ပြီး သာသနာပြုလုပ်ငန်းများ ကို လုပ်ဆောင်ခဲ့သည်။ .

လက်ရှိအချိန်တွင် ဆရာတော်ကြီး၏ ကျန်ရစ်သည့် ရုပ်ကလပ်တော် ဈာပန အခမ်းအနားကို ပြုလုပ်ရန်အတွက် တပည့်သာဝကများက ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required