ရခိုင်တွင် Covid – 19 ကာကွယ်ဆေး လူတိုင်း ထိုးနိုင်ရန် ရက္ခိုင့်တပ်တော် (AA) ကြိုးပမ်းနေ

ရခိုင်တွင် Covid – 19 ကာကွယ်ဆေး လူတိုင်း ထိုးနိုင်ရန် ရက္ခိုင့်တပ်တော် (AA) ကြိုးပမ်းနေ

ဩဂုတ် ၂၆

Covid – 19 ကာကွယ်ဆေး ထိုးထားခြင်းသည် မိမိပတ်ဝန်းကျင်၊ ရပ်ရွာနှင့် တိုင်းပြည်၏ Covid – 19 ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးတွင် များစွာအထောက်အကူပြုသည့်အတွက် အခွင့်အရေးရပါက ကာကွယ်ဆေး ထိုးနှံကြရန်နှင့် လူတိုင်း Covid – 19 ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဩဂုတ် ၂၆ ရက်) ထုတ်ပြန်သည့် Covid – 19 ကာကွယ်တားဆီးရေးဆိုင်ရာ ကြေညာချက်တွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

သို့သော် Covid – 19 ကာကွယ်ဆေးရရှိရန် မည်သို့ကြိုးပမ်းဆောင်ရွက်နေသည်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိပေ။

တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေ ဒေသတချို့တွင် တရုတ်နိုင်ငံက ထောက်ပံ့ကူညီထားသည့် Covid – 19 ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဇူလိုင်လကုန်ပိုင်းက စတင်ဆောင်ရွက်နေကြကြောင်း သိရသည်။

ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်များ၊ စစ်ဘေးသင့်ပြည်သူများ၏ စားဝတ်နေရေး စိန်ခေါ်မှုများ၊ ရပ်ရွာတချို့တွင် Covid – 19 ရောဂါကူးစက်ခံရမှု ဆက်လက်ရှိနေခြင်းနှင့် ရေလုပ်သားများ၏ အဝင်အထွက်သွားလာမှု မှတ်တမ်းများအရ Covid – 19 နှင့် ပတ်သက်၍ သတိမပေါ့လျော့ကြရန် AAက တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင် Covid – 19 တတိယလှိုင်းအတွင်း ဩဂုတ် ၂၅ ရက်အထိ Covid – 19 ရောဂါပိုးတွေ့လူနာ ၃,၉၁၄ ဦးရှိပြီး သေဆုံးသူ ၃၇၁ ဦးရှိကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly