‘ရန်ဘက်’ မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယားက သံတမန်အဆက်အဆံ ဖြတ်တောက် 

‘ရန်ဘက်’ မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယားက သံတမန်အဆက်အဆံ ဖြတ်တောက် 

ဩဂုတ် ၂၆

မြောက်အာဖရိက ရန်ဘက်နှစ်နိုင်ငံဖြစ်တဲ့ အယ်လ်ဂျီးရီးယားနဲ့ မော်ရိုကိုနိုင်ငံတို့ကြား တင်းမာမှုတွေ ပြန်လည်ဖြစ်ပေါ်ခဲ့တဲ့ လများစွာအကြာမှာတော့ မော်ရိုကိုနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း အယ်လ်ဂျီးရီးယားနိုင်ငံက ကြေညာလိုက်တဲ့ နောက်တစ်ရက် ဗုဒ္ဓဟူးနေ့မှာ အယ်လ်ဂျီးရီးယား သတင်းစာတွေဟာ မျက်နှာဖုံးအထူးသတင်းတွေအဖြစ် ဖော်ပြကြပါတယ်။ 

‘ရန်လိုတဲ့ လုပ်ရပ်တွေ’ကြောင့် မော်ရိုကိုနဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး ရမ်တန်နယ် လမ်မမ်မာရတ်က အင်္ဂါနေ့မှာ ပြောပါတယ်။ 

အငြင်းပွား အနောက်ဆာဟာရဒေသက ခွဲထွက်ရေးသမားတွေကို အယ်လ်ဂျီးရီးယားရဲ့ ထောက်ပံ့မှုဟာ မော်ရိုကိုအတွက် လုံးဝ လက်မခံစရာ ဖြစ်နေတာနဲ့အတူ အတိုက်အခံလှုပ်ရှားမှုတွေကို ကြိုးဆွဲရာအဖြစ် ကျောထောက်နောက်ခံပြုပေးနေတယ်ဆိုပြီး နှစ်နိုင်ငံဟာ ရေရှည် အပြန်အလှန် စွပ်စွဲလျက် ရှိနေကြတာလည်း ဖြစ်ပါတယ်။  

“ဒီကနေ့က စလို့ မော်ရိုကိုဘုရင့်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ အယ်လ်ဂျီးရီးယားနိုင်ငံက ဆုံးဖြတ်လိုက်ပါပြီ”လို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ လမ်မမ်မာရတ်က ကြေညာခဲ့ပါတယ်။ 

“သမိုင်းက ပြသနေပါတယ်၊ မော်ရိုကိုဟာ အယ်လ်ဂျီးရီးယားအပေါ် ရန်လိုတဲ့ အပြုအမူတွေ ဘယ်သောအခါမှ မရပ်ခဲ့ပါဘူး”လို့ သူက ထပ်လောင်းပြောပါတယ်။ 

အယ်လ်ဂျီးရီးယားရဲ့ လုပ်ရပ်ဟာ ‘လုံးဝ တရားမျှတမှု’ မရှိဘူးလို့ အင်္ဂါနေ့နှောင်းပိုင်းမှာ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပြီး ဒါပေမဲ့ မကြာသေးခင်က တစ်စစ ပြင်းထန်လာတဲ့ တင်းမာမှုတွေရဲ့ အကြောင်းယုတ္တိကို ပြသလိုက်ရာ ရောက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

ဆက်ဆံရေး ဖြတ်တောက်တဲ့ အယ်လ်ဂျီးရီးယားရဲ့ ဆုံးဖြတ်ချက်ဟာ ‘အလိမ်အညာ အမှားတွေအပြင် ယုတ္တိမတန်တဲ့ ယိုးမယ်ဖွဲ့တာ’အပေါ် အခြေခံထားတာပဲ ဖြစ်တယ်လို့ မော်ရိုကိုက ထပ်လောင်းဆိုပါတယ်။ 

အယ်လ်ဂျီးရီးယားဟာ နိုင်ငံမြောက်ပိုင်းက လူသေဆုံးမှုများတဲ့ တောမီးလောင်ကျွမ်းမှုမှာ အိမ်နီးချင်း မော်ရိုကိုနိုင်ငံရဲ့ ပတ်သက်မှု မကင်းဘူးဆိုပြီး စွပ်စွဲထားရာက နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့အပြီးမှာ ခုလို သံတမန်ဆက်ဆံရေး ဖြတ်တောက်လာတာပဲ ဖြစ်ပါတယ်။ 

မော်ရိုကို ခေါင်းဆောင်တွေဟာ ‘ထပ်ကာထပ်ကာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေအတွက် တာဝန်ရှိနေပြီး’ သူတို့ရဲ့ အပြုအမူတွေဟာ မြောက်အာဖရိကမှာ ‘ပေါင်းစည်းညီညွတ်ရေးအစား ပဋိပက္ခဆီ ဦးတည်စေတယ်’လို့ လမ်မမ်မာရတ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly