ထိုင်းမှာ မူးယစ်တရားခံကို ရဲက အသက်သေစေတဲ့အထိ စစ်ဆေးငွေညှစ်တဲ့ ဗီဒီယို အွန်လိုင်းပေါ် ပျံ့ပြီးနောက် ကျူးလွန်သူရဲတွေကို ဖမ်းဆီး

By ABC News
26 August 2021
ထိုင်းမှာ မူးယစ်တရားခံကို ရဲက အသက်သေစေတဲ့အထိ စစ်ဆေးငွေညှစ်တဲ့ ဗီဒီယို အွန်လိုင်းပေါ် ပျံ့ပြီးနောက် ကျူးလွန်သူရဲတွေကို ဖမ်းဆီး

ဩဂုတ် ၂၆

ထိုင်းနိုင်ငံမှာ သံသယရှိ မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး အသက်သေစေတဲ့အထိ ခြိမ်းခြောက်ငွေညှစ်မှုဖြစ်စဉ်နဲ့ ဆက်နွယ်နေတဲ့ လူသတ်မှုနဲ့ စွဲဆိုခံခဲ့ရတဲ့ ရဲလေးဦးကို သြဂုတ် ၂၅ ရက်က အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ယင်းဖြစ်စဉ် ဗီဒီယိုကလစ်တစ်ခု ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့ပြီး လူထုအကြား အုတ်အုတ်ကျက်ကျက် ဖြစ်ပြီးနောက် အဆိုပါ ကျူးလွန်သူ ရဲတွေ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ မြောက်ဘက် နခွန် ဆီဝမ်ပြည်နယ်က ရဲစခန်းတစ်ခုမှာ သြဂုတ် ၅ ရက်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အခြားရဲသုံးဦးကိုလည်း လက်ရှိအချိန်မှာ ရှာဖွေနေဆဲဖြစ်တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကစ်ဆာနာ ဖက်သန်နာချာရွန်က ပြောပါတယ်။ ၎င်းတို့ထဲမှာ တန်ဖိုးကြီး ကားတွေ စုဆောင်းထားမှုကြောင့် “ဂျို ဖာရာရီ” လို့ အမည်ပြောင်ပေးထားတဲ့ ရဲမှူးကြီးတစ်ဦးလည်း ပါတယ်လို့ ထိုင်းမီဒီယာတွေက ‌ဖော်ပြပါတယ်။

ထိုင်းမှာ ရဲတွေရဲ့ လူမဆန်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ စွပ်စွဲတိုင်တန်းမှုတွေက ရှားပါးဖြစ်စဉ်မျိုးတွေ မဟုတ်ပေမယ့် အခု ပေါက်ကြားလာခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ သံသယရှိ မူးယစ်တရားခံကို ရဲတွေက ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးပမ်းမှုအတွင်း ၎င်းရဲ့ ဦးခေါင်းကို ပလတ်စတစ်အိတ်တွေနဲ့ စွပ်ပြီး အကျပ်ကိုင်ခဲ့ရာမှာ မူးယစ်တရားခံဖြစ်သူ အသက်ရှုမွမ်းကျပ်ခဲ့ရတာကို မြင်တွေ့ရပါတယ်။ ယင်းဖြစ်စဉ်အပေါ်  ကနဦး စုံစမ်းစစ်ဆေးမှုပိုင်း နှေးကွေးနှောင့်နှေးနေခဲ့တာကလည်း အများပြည်သူကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ကြိုးပမ်းစဉ် အင်အားအသုံးပြုလုပ်ဆောင်မှုအတွက်လည်း မကြာသေးခင်က အပြင်းအထန် ဝေဖန်ခံထားရပါသေးတယ်။ ဆန္ဒပြသူတစ်ချို့က ကြမ်းတမ်းပြင်းထန်တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့စဉ် ရဲတွေဟာ ပိုမိုပြီး အလွန်အကျွံတုံ့ပြန်ခဲ့ပြီး ရာဘာကျည်တွေနဲ့ အနီးကပ် ပစ်တာ အပါအဝင် အန္တရာယ်ကြီးတဲ့ လူအုပ်ထိန်းချုပ်မှု နည်းလမ်းတွေ သုံးခဲ့တယ်ဆိုပြီး စွပ်စွဲခံထားခဲ့ရပါတယ်။

“ရဲတွေဘက်က နှိပ်စက်ညှင်းပန်းပြီး လူသတ်မှု ဖြစ်တဲ့ ဒီဖြစ်စဉ်ဟာ ထိတ်လန့်စရာပါပဲ၊ ဒါပေမယ့် ဒါဟာ ပထမဆုံးဖြစ်စဉ်တော့မဟုတ်ပါဘူး၊ ပြီးတော့ ရဲတွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အလေးအနက် လုပ်ဆောင်တာ၊ အလုပ်တာဝန်ကို လက်ကြောတင်းတင်း လုပ်တာတွေ မရှိမချင်း ဒါဟာ နောက်ဆုံးဖြစ်စဉ် ဖြစ်ဖွယ် မရှိပါဘူး” လို့ HRW က စီနီယာသုတေသီ ဆူနိုင် ဖာဆွတ်ခ်က ပြောပါတယ်။

ခု ဖြစ်စဉ်နဲ့ပတ်သက်လို့ လူသိများတဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒီချာ ကစ်တီဝစ်တာယာနန်က ၎င်းရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ တင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီချာရဲ့ ပြောကြားချက်အရ ၎င်းဟာ နခွန်ဆာဝမ်က ဂျူနီယာရဲတစ်ဦးဆီကနေ တိုင်ကြားချက်တစ်ခု လက်ခံရရှိခဲ့ကြောင်း၊ ယင်းတိုင်ကြားချက်အရ အဆိုပါပြည်နယ်က ရဲတွေဟာ သံသယရှိ မူးယစ်တရားခံနှစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၎င်းရဲ့ အဖော် အမျိုးသမီးတစ်ဦးတို့ကို မက်သမ်ဖက်တမင် ဆေးပြား ၁၀၀,၀၀၀ ကျော်နဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် ရဲတွေက ကနဦးမှာ ၎င်းတို့ကို ဘတ်ငွေ ၁ သန်းပေးမယ်ဆိုရင် အဆိုပါ တရားခံနှစ်ဦးကို ပြန်လွှတ်ပေးမယ်ဆိုပြီး တောင်းခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မူးယစ်တရားခံနှစ်ဦးကလည်း ပေးမယ်လို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဆိုပါ အခင်းနေရာကို ရဲမှူးကြီး ထစ်တီဆန် အက်တနာပေါလ် ဆိုသူ ရဲအရာရှိတစ်ဦး ရောက်လာခဲ့ပြီး အထက်ပါ ငွေရဲ့နှစ်ဆ ဘတ် ၂ သန်း ပေးရမယ်လို့ တောင်းခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက် အဆိုပါ တောင်းတဲ့ငွေကိုပေးဖို့ သဘောမတူမချင်း သံသယရှိ အမျိုးသားဖြစ်သူကို ခေါင်းကို ပလတ်စတစ်အိတ်စွပ်ပြီး ရိုက်နှက်ဖို့ အဆိုပါ ရဲမှူးကြီးက လက်အောက်ငယ်သားတွေကို ခိုင်းစေခဲ့တယ်လို့ ဖြစ်စဉ်ကို တိုင်ကြားတဲ့ အမည်မဖော်လိုသူ ဂျူနီယာရဲဝန်ထမ်းက ပြောပါတယ်။

ယင်းနောက် သံသယရှိ မူးယစ်တရားခံအမျိုးသား သေဆုံးသွားချိန်မှာ ၎င်းရဲ့ အလောင်းကို ဆေးရုံပို့ဖို့နဲ့ ၎င်းဟာ မူးယစ်ဆေးသုံးလွန်ပြီး သေဆုံးတာဖြစ်တယ်လို့ ဆရာဝန်ကို ပြောဖို့ ရဲမှူးကြီး ထစ်တီဆန်က ညွှန်ကြားခဲ့ပါတယ်။ အတူတူအဖမ်းခံရတဲ့ အမျိုးသမီးဖြစ်သူကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာမှ လျှောက်မပြောဖို့ ပြောခဲ့သလို ထစ်တီဆန်က သေဆုံးသူအမျိုးသားရဲ့ ဖခင်ဖြစ်သူကိုလည်း ရေငုံနှုတ်ပိတ်နေစေဖို့ ငွေပေးခဲ့တယ်လို့ ဂျူနီယာရဲဝန်ထမ်းက ပြောပါတယ်။

ရှေ့နေဖြစ်သူ တင်ခဲ့တဲ့ ဖြစ်စဉ်ကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦး တုံ့ပြန်မှုက ထစ်တီဆန်ကို အခြားနေရာကို ပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် သြဂုတ် ၂၄ ရက်မှာ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဗီဒီယိုကလစ်တစ်ခုကို အခြားရှေ့နေတစ်ဦးဖြစ်တဲ့ ဆစ်ထရာ ဘီအာဘန်းဂျာ့ဒ်က ဖေ့ဘွတ်ခ်မှာ ဝေမျှခဲ့ပြီး ဒီဗီဒီယိုကို နခွန်ဆီဝမ်ရဲစခန်းက ရဲတစ်ဦးဆီကနေ ရခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

ယင်းဗီဒီယိုထဲမှာတော သံသယရှိအမျိုးသားဖြစ်သူ လက်ထိပ်ခတ်ခံထားရရင်း အခန်းတစ်ခုထဲ ခေါ်ဆောင်သွားခံရပြီး ၎င်းရဲ့ ခေါင်းမှာ ပလတ်စတစ်အိတ်တစ်အိတ်နဲ့ အစွပ်ခံထားရတာကို ပြသထားပါတယ်။ ယင်းနောက် ရဲတွေက ၎င်းကို ထိုးကြိတ်ပြီး ကြမ်းပြင်ပေါ် တွန်းလဲကာ ခေါင်းကို နောက်ထပ် အိတ်တွေနဲ့ ထပ်စွပ်ခဲ့ပါတယ်။ ရဲတစ်ဦးက ၎င်းကို ဒူးနဲ့ ခဏမျှ ဖိထောက်ခဲ့တာလည်း ရှိခဲ့ပါတယ်။ ယင်းနောက် ထိုင်းမီဒီယာတွေရဲ့အဆိုအရ ဂျီရာပေါင် သန်နာပတ် ဆိုသူ အမျိုးသားဟာ ပျော့ခွေသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရဲတွေက ၎င်းပြန်သတိရလာအောင် ရေနဲ့လောင်း၊ CPR သုံးပြီး လုပ်ခဲ့ပေမယ့် အချည်းနှီးသာ ဖြစ်ခဲ့ရပါတယ်။

“ကျွန်တော်တို့ ဒီဖြစ်ဉ်ကို ပြစ်မှုဆိုင်ရာ အမှုဖြစ်စဉ်အရရော၊ စည်းကမ်းထိန်းသိမ်းမှု အရေးယူမှုအရရော ဆက်လုပ်သွားနေပါတယ်” လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်ဆာနာက ပြောပါတယ်။

ဆိုင်ကယ်သမားတွေဆီက ငွေတောင်းတာလိုမျိုး အသေးစား အကျင့်ပျက်မှုတွေက လစာနည်း ရဲတွေကြား ကြုံတောင့်ကြုံခဲတော့ မဟုတ်ပါဘူး။ အချို့ဆိုရင် သံသယရှိသူတွေကို အတင်းအကျပ် ဝန်ခံစေဖို့ ရိုက်နှက်ဝန်ခံခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ရာထူးမြင့်လယ်ဗယ်တွေ ပါဝင်ပတ်သက်တဲ့ ခြစားမှုဖြစ်စဉ်တွေလည်း ထွက်ပေါ်ထားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်က ပြည်ပမှာ သွားရောက်လုပ်ကိုင်တဲ့ ထိုင်းအလုပ်သမားတစ်ဦး ဆော်ဒီမင်းသားတစ်ပါးရဲ့ အိမ်တော်ကနေ လက်ဝတ်ရတနာတွေ ခိုးယူမှု ပါဝင်ပတ်သက်နေတဲ့ စိန်ပြာ ကိစ္စမှာဆိုရင် ထိုင်းရဲတပ်ဖွဲ့အပေါ် လူအများအာရုံ ကျရောက်ခဲ့ပြီး ယင်းဖြစ်စဉ်မှာ ခိုးယူခံပစ္စည်းအများအပြား ပြန်မရတော့ဘဲ ဖြစ်ခဲ့သလို ရဲချုပ်တစ်ဦးဟာလည်း ဖြစ်စဉ်မှာ ပါဝင်တဲ့ အသိသက်သေတစ်ဦးရဲ့ ဆွေမျိုးတွေကို ပြန်ပေးဆွဲ သတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ထိုင်းရဲတွေဟာ ရံဖန်ရံခါဆိုသလို လုံးလုံးလျားလျား ဒဏ်ခတ်မခံရဘဲ လုပ်ဆောင်နေသလို အချင်းချင်း ကာကွယ်ပေးနေကြတယ်လို့ HRW ရဲ့ ဆူနိုင်က စွပ်စွဲပါတယ်။

“ဒါဟာ တစ်ဦးတစ်ယောက်ချင်း သက်ဆိုင်တဲ့ ကိစ္စ မဟုတ်တော့ပါဘူး၊  ဒါက ရိုင်းစိုင်းကြမ်းတမ်းတဲ့ လုပ်ရပ်တွေကိုခွင့်ပြုပေးတဲ့ အကျင့်ပျက်စနစ်တစ်ခု ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly