တရုတ်အသုံးပြုသည့် COVID-19 သတင်းမှား နည်းစနစ်

ဩဂုတ် ၂၆

COVID-19 ဇစ်မြစ်နှင့် ပတ်သက်ပြီး အမေရိကန် ထောက်လှမ်း‌ရေး အစီရင်ခံစာ ထုတ်ပြန်ရန် ရှိနေသည့် အကြိုကာလ၌ COVID-19  ဇစ်မြစ်သည် မေရီလန်းပြည်နယ်ရှိ အမေရိကန်စစ်စခန်းတစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုထားသော လုပ်ကြံသတင်းဖြန့်သည့် လှုပ်ရှားမှုတစ်ရပ်ကို တရုတ်၌ အများပြည်သူများ သဘောတွေ့နှစ်သက်လျက် ရှိနေသည်။

COVID-19  သည် ဓာတ်ခွဲခန်း မတော်တဆမှုမှ ထွက်ပေါ်လာခြင်းလား သို့မဟုတ် ကူးစက်ခံ တိရစ္ဆာန်နှင့် ထိတွေ့ကာ လူများဆီ ကူးစက်ဖြစ်ပွားခြင်းလားဆိုခြင်းနှင့် ပတ်သက်ပြီး ရက် ၉၀ ကြာ စုံစမ်းစစ်ဆေးရေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေလအတွင်း အမိန့်ပေး ညွှန့်ကြားချက် ထုတ်ခဲ့သည်။

လက်ရှိအထိ တရုတ်နိုင်ငံ ‘ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ် ယိုစိမ့်ထွက်ပေါ်ခဲ့သည်’ဆိုသော အယူအဆကို လျှို့ဝှက်ပူးပေါင်းကြံစည်သော အယူအဆတစ်ရပ်အဖြစ် သိပ္ပံပညာရှင်အများစုက ပယ်ချထားသည်။

သို့ရာတွင် အမေရိကန် စုံစမ်းရေးအစီရင်ခံစာ ထုတ်ပြန်ရန် ရှိလာသည့် လက်ရှိအချိန်တွင် တရုတ်ကလည်း အယူအဆ ထိုးစစ်ဆင်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း COVID-19  အား အမေရိကန်က ဖန်တီးခဲ့သည်ဆိုသော အခြေအမြစ်မဲ့ ပြောဆိုချက်တစ်ရပ်ကို တရုတ်သတင်းရင်းမြစ်များက ချဲ့ကားဖော်ပြလာတော့ခြင်း ဖြစ်သည်။

Rap ဂီတများမှသည် ဖေ့ဘုတ်ပို့စ်အတုများအထိ အစစ အရာရာကို အသုံးချခြင်းဖြင့် COVID-19  ကပ်ဘေးနှင့်ပတ်သက်ပြီး နိုင်ငံအပေါ် နိုင်ငံတကာမှ ပြောဆိုဝေဖန်မှုများအား ပြည်တွင်း တရုတ်ပြည်သူများက အယုံအကြည်မဲ့သွားစေပြီး ယခုဝါဒဖြန့်မှုအပေါ် ယုံကြည်လက်ခံသွားကြသည်အထိ အောင်မြင်ခဲ့ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပညာရှင်များက ပြောသည်။ သို့ရာတွင် ပြင်ပကမ္ဘာအတွက်မူ စိုးစဉ်းမျှသာ သက်ရောက်မှု ရှိသည်ဟု ပညာရှင်များက ဆိုသည်။

အမေရိကန် ဇီဝလက်နက်စီမံကိန်း စင်တာဖြစ်ခဲ့သော Fort Detrick စစ်စခန်းအကြောင်းကို အများစုသော အမေရိကန်များက တစ်ခါမျှ မကြားမသိဘူးဖွယ် ရှိနေသော်လည်း တရုတ်၌မူ အိမ်သူအိမ်သားတစ်ဦးဦး၏ နာမည်မျိုး ဖြစ်လာသည်အထိ သိကျွမ်းလာတော့ခြင်း ဖြစ်သည်။

ဝါရှင်တန်ဒီစီမှ မြောက်ဖက် ကီလိုမီတာ ၈၀ (မိုင် ၅၀) ခန့်အကွာ မေရီလန်းပြည်နယ် Frederick ရှိ စစ်ခစန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးခဲ့ပြီး ယိုစိမ့်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဆိုသော လျှို့ဝှက်လုပ်ကြံထားသည့် အကြံပြုချက်များကို တရုတ်ဝါဒဖြန့်သူများက တွန်းတွန်းတိုက်တိုက် သွတ်သွင်းလာနေခြင်း ဖြစ်သည်။

Fort Detrick စစ်စခန်းသည် တစ်ချိန်က အမေရိကန် ဇီဝလက်နက်စီမံကိန်း စင်တာဖြစ်ခဲ့ပြီး လက်ရှိတွင် အီဘိုလာနှင့် ကျောက်ကြီးရောဂါအပါအဝင် ရောဂါဗိုင်းရပ်စ်များကို သုတေသနပြုနေသည့် ဇီဝဆေးပညာဓာတ်ခွဲခန်းများ အခြေစိုက်ရာ ဖြစ်နေပြီ ဖြစ်သည်။ ထို စစ်စခန်း၏ ရှုပ်ထွေးသော သမိုင်းကြောင်းကြောင့် တရုတ်၌ သံသယထင်ကြေးများ ဖြစ်ပွားပေါ်ပေါက်အောင် ဝါဒဖြန့်နိုင်လာခြင်းလည်း ဖြစ်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly