Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြန်မာစစ်တပ်ထံ သတ်မှတ်ရက်အတိုင်း အချိန်မီ ပေးပို့မည်ဟု ရုရှားကပြော

Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြန်မာစစ်တပ်ထံ သတ်မှတ်ရက်အတိုင်း အချိန်မီ ပေးပို့မည်ဟု ရုရှားကပြော
Photo - AFP

ဩဂုတ် ၂၆

ရုရှားက မြန်မာအာဏာသိမ်းစစ်တပ်ကို ရောင်းချပေးထားသည့် Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် စစ်လက်နက်များကို သက်ဆိုင်ရာ အရောင်းစာချုပ်တွင် ပါသည့် သတ်မှတ်ရက် အစီအစဉ်အတိုင်း အချိန်မီ ပေးပို့သွားမည်ဖြစ်ကြောင်း ရုရှား၏ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဌာန အကြီးအကဲက သြဂုတ် ၂၅ ရက်တွင် ပြောကြားမှုကို RIA သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

အဆိုပါ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လေယာဉ်၊ ဒရုန်းများနှင့် ခရု(စ်) ဒုံးများကို ပစ်ချရာတွင် အသုံးပြုနိုင်သည်။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းထားခဲ့သည့် မြန်မာစစ်တပ်နှင့်အကြား နှစ်ဦးနှစ်ဖက် အပြန်အလှန် လည်ပတ်သွား‌ရောက်မှုများ၊ လက်နက် အရောင်းအဝယ် သဘောတူညီချက်များ ဆက်လုပ်နေခြင်းနှင့်အတူ ရုရှားသည် မြန်မာအာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုနေသည်ဟု လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲထားသည်။

ရုရှားနိုင်ငံက ပြောကြားရာတွင် ယင်းအနေဖြင့် မြန်မာနှင့်အကြား ကာလကြာရှည်ပြီး မဟာဗျူဟာကျသည့် ဆက်ဆံမှုတစ်ခု ရှိထားကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံရှိ အခြေအနေသည် “အတော်ပင် ကြီးလေးဆိုးရွား” နေသော်လည်း အခြေအနေတည်ငြိမ်မှုရရန် အာဏာပိုင်များက အတတ်နိုင်ဆုံး လုပ်ဆောင်နေသည်ဟု ယုံကြည်ကြောင်း ပြောထားခဲ့သည်။

မြန်မာအာဏာသိမ်းစစ်တပ်နှင့် ရုရှားတို့သည် Pantsir ဒုံးကျည်ကာကွယ်ရေးစနစ် အရောင်းအဝယ်ကို ဇန်နဝါရီလက သဘောတူခဲ့ခြင်း ဖြစ်သည်ဟု ရုရှား လက်နက်ဆိုင်ရာ အကြီးအကဲ ဒီမစ်ထရီ ရှူဂေးယက်ဗ်က ပြောကြားခဲ့ကြောင်း RIA သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလက်နက်စနစ်တွေကို စာချုပ်ပါ သတ်မှတ်ချက်တွေနဲ့အညီ ပေးပို့သွားမှာဖြစ်တယ်” ဟု ရှူဂေးယက်ဗ်၏ ပြောကြားမှုကို RIA သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required