တရုတ်ကွန်မြူနစ်ပါတီက NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ ကျေးဇူးတင်လွှာပို့

တရုတ်ကွန်မြူနစ်ပါတီက NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ ကျေးဇူးတင်လွှာပို့

ဩဂုတ် ၂၅

တရုတ်ကွန်မြူနစ်ပါတီ (CCP)၏ ဗဟိုကော်မတီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ ဇူလိုင် ၂၀ ရက်က ကျေးဇူးတင်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

စာထဲတွင် NLD မှ တရုတ်ကွန်မြူနစ်ပါတီ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက် ကျေးဇူးဥပကာရတင်ရှိကြောင်း ဖော်ပြထားသည်။

ပေကျင်းမှပေးပို့လာသည့် အဆိုပါကျေးဇူးတင်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မြောင်းမြမြို့နယ်) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်က ၎င်း၏ လူမှုကွန်ရက်တွင် ဩဂုတ် ၂၅ ရက်က တင်ထားသည်။

NLD နဲ့ CCP တို့သည် ခင်မင်ရင်းနှီးခဲ့ကြပြီး တရုတ်-မြန်မာ ဆက်ဆံရေး ချောမောစွာဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဌကနေပါဝင်ခဲ့ကြကြောင်းလည်း ဆိုသည်။

ဒါ့အပြင် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးတက်‌အောင် လက်တွဲဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံကောင်းကျိုး ပိုမိုသယ်ပိုးရန် ဆန္ဒပြုကြောင်းလည်း ပေကျင်းကပေးပို့သည့်စာထဲတွင် ရေးသားထားသည်။

တရုတ်ကွန်မြူနစ်ပါတီမှ စာပေးပို့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကလည်း “ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ ဆက်ဆံရေးမျိုးကို ဦးတည်တဲ့ သဘောထားဖြစ်လို့ လေးစားပါတယ်" ဟု မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်တရာပြည့်အခမ်းအနားကို ဇူလိုင် ၁ ရက်က ပေကျင်းမြို့ရှိ တီယန်မင် ရင်ပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၁၉၂၁ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ပြည်တွင်းစစ်တွင် အနိုင်ရပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်ကစ၍ တစ်ပါတီအာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly