ထိုင်းတွင် မူးယစ်ဆေးမှုဖြင့် သံသယရှိသူကို ရဲက ခြိမ်းခြောက်ငွေညှစ်စဉ် မတော်တဆ သတ်မိခဲ့မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေ

ထိုင်းတွင် မူးယစ်ဆေးမှုဖြင့် သံသယရှိသူကို ရဲက ခြိမ်းခြောက်ငွေညှစ်စဉ် မတော်တဆ သတ်မိခဲ့မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေ

ဩဂုတ် ၂၅

ထိုင်းနိုင်ငံ မြောက်ပိုင်း နခွန်ဆာဝမ် ပြည်နယ်မှ ရဲများက မူးယစ်ဆေးမှုဖြင့် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး ၎င်းတို့ထံမှ ထိုင်းဘတ်ငွေ ၂ သန်း ရရေး ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းခဲ့စဉ် ဖမ်းဆီးခံ သံသယရှိအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက မတော်တဆ လက်လွန်ပြီး သတ်မိခဲ့မှု ဖြစ်စဉ်တစ်ခုအကြောင်း ထုတ်ဖော်ထားသည့် ပြောဆိုချက်တစ်ရပ်ကို ယခုအခါ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက် ရှိသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူသိများသည့် အကျော်အမော် ရှေ့နေတစ်ဦးဖြစ်သော ဒီချာ ကတ်တီဝစ်တာယာနန် က ဖေ့ဘွတ်ခ်တွင် လူသိရှင်ကြား ထုတ်ဖော်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ယင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဒီချာ၏ ပို့စ်အရ ထိုဖြစ်စဉ်သည် မူးယစ်ဆေးပြစ်မှုများနှင့်ပတ်သက်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းမှုနှင့် စတင်ခဲ့သည်ဟု ဆိုသည်။ ရဲများသည် အဆိုပါ သံသယရှိသူနှစ်ဦးကို ၎င်းတို့ ပြန်လွတ်နိုင်ရေးအတွက် ဘတ်ငွေ ၁ သန်းပေးရမည်ဟု ဖိအားပေး ခြိမ်းခြောက်ခဲ့ကြောင်း၊ သို့သော် ယင်းနောက် ရဲမှူးကြီးတစ်ဦးက ဘတ်ငွေ ၂ သန်းအထိ ပေးရမည်ဟု နှစ်ဆတိုးတောင်းခဲ့ကြောင်း ရှေ့နေ ဒီချာက ပြောသည်။

ထိုကဲ့သို့ ရဲများနှင့် မူးယစ်သံသယရှိသူများအကြား ပြန်လည်လွတ်မြောက်ရေးအတွက် ငွေကြေးစကားပြောဆိုညှိနှိုင်းနေခဲ့စဉ် ရဲတစ်ဦးက သံသယရှိအမျိုးသားကို ခြိမ်းခြောက်ရန် အလို့ငှာ ၎င်း၏ ဦးခေါင်းကို ပလတ်စတစ်အိတ်ဖြင့် စွပ်ခဲ့သည်ဟု သိရသည်။ ယင်းနောက် အမျိုးသားဖြစ်သူသည် အသက်ရှုကျပ်ပြီး သေဆုံးခဲ့ကြောင်း ရှေ့နေ ဒီချာက ပြောသည်။

အဆိုပါ အမျိုးသား၏ အလောင်းကို စစ်ဆေးမှုလုပ်ရန် ဆေးရုံသို့ ပို့ခဲ့စဉ် ရဲမှူးကြီးက အဆိုပါအမျိုးသား သေဆုံးရခြင်း၏ အကြောင်းရင်းကို မူးယစ်ဆေးသုံးလွန်မှုကြောင့် ဖြစ်သည်ဟု ပြောကြားရန် အခြားရဲတပ်ဖွဲ့ဝင်များကို ပြောခဲ့သည်ဟု ရှေ့နေ ဒီချာက ပြောသည်။ထို့နောက် အမျိုးသမီးဖြစ်သူကို ရဲထိန်းသိမ်းမှုကနေ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေရန် အပေးအယူ လုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ခြိမ်းခြောက်ငွေညှစ်ပြီး နောက်ဆက်တွဲ လက်လွန်ခြေလွန်ဖြစ်ကာ သတ်မိခဲ့မှု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် ရဲတစ်ဦးက ယင်းကို တိုင်ကြားမှုတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒီချာက ပြောသည်။

ရဲ စစ်ဆေးရေးအရာရှိချုပ် ဗီဆာနူ ပရာဆက်တုံဂိုဆို့သ်က ထို တိုင်ကြားချက်ကို အကြောင်းပြန်ခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် မြန်မြန်သွက်သွက် စုံစမ်းစစ်ဆေးရန် အမျိုးသားရဲချုပ် ဆူဝပ် ဂျန်ယိုဆွတ်ခ်က ညွှန်ကြားထားကြောင်းနှင့် ယင်းဖြစ်ရပ်မှာ ရဲတပ်ဖွဲ့တစ်ခုလုံး၏ အများယုံကြည်နိုင်မှုအပေါ် ထိခိုက်စေခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။
ရဲအုပ် ချက်တာ ကိုမိုဝမ်နာကိုလည်း စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ပေးထားသလို နခွန်ဆာဝမ် ရဲမှူးကိုလည်း အဆိုပါ စုံစမ်းစစ်ဆေးမှုတွင် ကူညီလုပ်ဆောင်ရန် ပြောကြားထားကြောင်း ဗီဆာနူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly