ဗင်နီဇွဲလားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လူ ၁၅ ဦး သေဆုံး

ဗင်နီဇွဲလားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လူ ၁၅ ဦး သေဆုံး
Photo - AFP

ဩဂုတ် ၂၅

ဗင်နီဇွဲလားနိုင်ငံ အင်န်ဒီးစ် တောင်တန်းအရပ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှံ့မြေနဲ့ ကျောက်တုံးကျောက်ခဲတွေ ပြိုဆင်းကျမှုတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။

မာရီဒါပြည်နယ် အနောက်ဘက်မှာ တည်ရှိပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ စိုက်ပျိုးမွေးမြူရေးဒေသတစ်ခုဖြစ်တဲ့ မိုကိုတီးစ် တောင်ကြားဒေသမှာ နာရီအများအပြား မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် လေ၊ ရေ တိုက်စားထားတဲ့ ကျောက်တုံးတွေ တောင်နံဘေးအရပ်တွေဆီ လျောဆင်းကျခဲ့ရာ လမ်းပိတ်ဆို့မှုတွေကို ဖြစ်စေခဲ့ပါတယ်။

သမ္မတ နီကိုလပ်စ် မာဒူရို ကိုယ်စား မာရီဒါပြည်နယ်ကို လာရောက်ကြီးကြပ်ကွပ်ကဲတဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဂျေဆန် ဂုဇ်မန်းက လူ ၁၅ ဦး သေဆုံးကြောင်း အတည်ပြုထားတယ်လို့ ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ် ဝေမျှထားခဲ့တဲ့ ရုပ်ပုံတွေအရ တိုဗာ ကျေးရွာက လမ်းတစ်ခုမှာ ရေစီးနဲ့အတူ ကားတွေပါ မျောပါနေတာတွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အခြားပုံရိပ်တွေထဲမှာလည်း ရွှံ့နှစ်တွေထဲမှာ ကားတွေ ဖုံးလွှမ်းခံနေရတာတွေ၊ ကျောက်တုံးကျောက်ခဲ၊ ပရိဘောဂပစ္စည်းတွေ ရှိနေတဲ့ ရွှံ့နှစ်အိုင်တစ်ခုထဲမှာ ငေါထွက်နေတဲ့ သစ်မြစ်တွေအကြား ကားတွေ ညပ်မိနေတာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

မိုကိုတီးစ် မြစ်ရေဟာ ကမ်းပါးကို လျှံတက်ပြီး တိုဗာ ရွာကို ရေလွှမ်းမိုးမှု ဖြစ်စေခဲ့ကာ ယင်းရွာမှာ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေကြောင်း မာရီဒါ အုပ်ချုပ်ရေးမှူး ရာမွန် ဂွီဗာရာက ပြောပါတယ်။

မြို့ကို ဝင်ရောက်နိုင်တဲ့ လမ်းတွေဟာလည်း ယခုအခါမှာ ပိတ်ဆို့မှုတွေ ဖြစ်ထားတယ်လို့ သိရပါတယ်။

“မယုံနိုင်စရာပါပဲ၊ တကယ် ဝမ်းနည်းစရာကောင်းပါတယ်၊ တော်တော်ဆိုးတဲ့ အခြေအနေတစ်ခုပါ၊ အရာအားလုံးကို  ဆုံးရှုံးရရင် တကယ် မလွယ်ပါဘူး၊ မိသားစုဝင်တွေကို ဆုံးရှုံးရင်တော့ သာပြီးဆိုးပါလိမ့်မယ်” လို့ မာရီဒါ အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျီးဆပ် ကွင်တီယိုက အေအက်ဖ်ပီကို ပြောပါတယ်။

“ဒါ ၂၀၀၅ ခုနှစ်က ဖြစ်ရပ်ဆိုးလိုမျိုး တစ်ကျော့ပြန် ဖြစ်တာပါ”အဆိုပါ ၂၀၀၅ ခုနှစ်က မာရီဒါပြည်နယ်မှာပင် မိုးကြီးပြီးနောက် လူ ၄၁ ဦး သေဆုံးပြီး ၅၂ ဦး ပျောက်ဆုံးခဲ့ပါတယ်။

မိုးကြီးမှုက မြို့တော် ကာရာကက်စ်အပါအဝင် ဗင်နီဇွဲလားနိုင်ငံရဲ့ အခြားဒေသတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ နိုင်ငံရုပ်သံမှာ ပြောကြားရာမှာ သမ္မတ မာဒူရိုက နိုင်ငံတဝန်း မိုးကြီးမှုကြောင့် လူ ၃၅,၀၀၀ လောက် ထိခိုက်ခံစားခဲ့ရပြီး နေအိမ် ၈,၀၀၀ ကျော် ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မြစ် ခြောက်စင်းမှာ မြစ်ရေကြီးနိုင်ပြီး ဘိုလီဗာ၊ ဂွာရီကို နဲ့ ဇူလီယာ စတဲ့ ပြည်နယ်သုံးခုမှာ အနီရောင်အဆင့် သတိပေးချက် ထုတ်ထားကြောင်း အစိုးရ မိုးလေဝသအင်စတီကျူ့က သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required