တရားမဝင်မူးယစ်ဆေးကုန်သွယ်မှုကို စစ်အာဏာသိမ်းမှုကဘယ်လိုမီးထိုးပေးခဲ့လဲ 

တရားမဝင်မူးယစ်ဆေးကုန်သွယ်မှုကို စစ်အာဏာသိမ်းမှုကဘယ်လိုမီးထိုးပေးခဲ့လဲ 

ဩဂုတ် ၂၅

ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံတောင်ပိုင်း ဟတ်ယိုင်ပြည်နယ် အဝေးပြေးလမ်းမကြီးတွင် ဩဂုတ် ၁၃ ရက်နေ့ အရုဏ်ဦးအချိန်ပြုလုပ်ခဲ့သော မူးယစ်ဆေးစစ်ဆင်ရေး၌ ခရစ်စတယ်မက်တာအက်ဖက်တမင်း ကီလိုဂရမ် ၁၀၀၀ ကိုဖမ်းဆီးရမိခဲ့သည်။ ထိုဖမ်းဆီးရမိမှုမှာ ဈေးကွက်ပေါက်ဈေး ထိုင်းဘတ် သန်း ၃၀၀ ( ဒေါ်လာ ၉ သန်း) တန်ဘိုးရှိသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှတလျှောက် မကြာသေးခင် ရက်သတ္တပတ်များအတွင်းအများအပြားဖမ်းဆီးရမိမှုများထဲမှတခုဖြစ်သည်။ ဒေသအတွင်းမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့်ဆေးစွဲမှုများကိုစောင့်ကြည့်လေ့လာနေသူအရာရှိများနှင့်လေ့လာသုံးသပ်သူများက ဤဖမ်းဆီးရမိမှုများကို အထူးသတိထားစောင့်ကြည့်နေကြသည်။  

အဆိုပါမူးယစ်ဆေးဝါးများသည် အိမ်နီးချင်းမြန်မာနိုင်ငံကလာသည်ဟုသူတို့ကဆိုကြသည်။ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံတွင်လူထုဆန္ဒပြပွဲများနှင့် နိုင်ငံရေးအရ ကသောင်းကနင်းဖြစ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။  

မြန်မာနိုင်ငံအတွင်းတွင် မူးယစ်ဆေးအားလုံးသည် တခုတည်းသောနေရာမှလာသည်။ ယင်းမှာ တရုတ်ပြည် တောင်ပိုင်း၊ မြန်မာပြည်၊ လာအို နှင့် ထိုင်းနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသ ရှမ်းပြည်ဖြစ်သည်။ ထိုဒေသကိုဘိန်း ဖြူထုတ်လုပ်မှုကြောင့် လူသိများနေသည်မှာကြာပြီဖြစ်သည်။ ထိုဒေသသည် ဓါတုဆေးဝါးမူးယစ်ဆေးဝါးများကို ကမ္ဘာပေါ်တွင် အများဆုံးထုတ်လုပ်သည့်နေရာတစ်ခုအဖြစ် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကတည်းက ဖြစ်လာခဲ့ သည်။ ထုတ်လုပ်သည့်ပမာဏမှာ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး အခြားအဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်သော မက်ဆီကို နှင့်အနည်းဆုံး ဆတူရှိပြီး ပိုချင်လျှင်ပင်ပိုနိုင်သေးသည်ဟု အရာရှိများကပြောသည်။  

ဟတ်ယိုင်တွင်ဖမ်းဆီးရမိမှုမှာ လွန်ခဲ့သောလအတွင်းစီးနင်းဖမ်းဆီးမှုများအနက် အများဆုံးပမာဏဖြစ်သည်။ မူးယစ်ဆေးများကို တရုတ်လက်ဖက်ခြောက်အမှတ်တံဆိပ်ပါ ပစ္စည်းများဖြင့်ထုပ်ပိုးထားသည်။ ယင်းသည် ရှမ်းပြည်နယ်သည် မက်တာအက်ဖက်တမင်း ကုန်သွယ်မှု၏ အမှတ်သင်္ကေတဖြစ်သည်ဟု ထိုင်း၊ မလေး ရှားနှင့် ဒေသတွင်းအခြားနိုင်ငံများရှိ မူးယစ်ဆေးနှိမ်နင်းရေးအရာရှိများကပြောသည်။ အိုက်စ် နှင့် မက်တာ အက် ဖက်တမင်းကို ထိုင်းလူမျိုးများက ‘ရာဘ’ ဟုခေါ်သည်။ အဓိပ္ပါယ်မှာ ‘အရူးဆေး’ ဖြစ်သည်။ ထိုအရူး ဆေးများကို ဖိလိပိုင်၊ ထိုင်း တို့တွင်လည်း မကြာသေးခင်ရက်သတ္တပတ်များကပင် ရဲများကဖမ်းဆီးရမိခဲ့သည်။ ပင်လယ်ခြားနေသော စင်္ကာပူတွင်လည်း မိခဲ့သလို မြန်မာနိုင်ငံတွင်း၌လည်း ဖမ်းဆီးရမိခဲ့သည်။  

ကုလသမဂ္ဂမူးယစ်ဆေးဝါးအေဂျင်စီဖြစ်သော UNODC ၏ အရှေ့တောင်အာရှ ဌာနေကိုယ်စားလှယ်ဖြစ်သော ဂျယ်ရမီဒေါက်ဂလပ်စ် (Jeremy Douglas) က “ဖမ်းဆီးရမိမှုတွေက မေလနဲ့ဂျွန်လထဲမှာတက်လာတာ။ ဒါက မြန်မာနိုင်ငံထဲမှာ အများအပြားဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းတွေ စတင်ရရှိတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်” ဟု ပြောကြားခဲ့သည်။ 

“ဒေသတွင်းလူတွေအပေါ် ထိခိုက်မှုကတော့ခန့်မှန်းရေတွက်လို့တောင်မရပါဘူး။ မက်တာအက်ဖက်တမင်း ဆေးက အလွန်စွဲလွယ်ပြီး ဖျက်ဆီးနိုင်စွမ်းကြီးမားတဲ့ မူးယစ်ဆေးဝါးဖြစ်တယ်။ လူ့အဖွဲ့အစည်းတခုမှာ ဝင် လာမိပြီဆိုရင် ပြန်မထွက်တော့ဘူး” ဟု သူကဆက်လက်ပြောဆိုသည်။   

မူးယစ်ဆေးဝါးနှင့်ပဋိပက္ခသုံးသပ်လေ့လာသူများ၊ ရဲအရာရှိများ၊ မြန်မာ-ထိုင်းနယ်စပ်တွင် နေထိုင်သူများ၊ မူးယစ်ဆေးစွဲသူများကို ကုသပေးနေသူများနှင့် တွေ့ဆုံမေးမြန်းချက်များအရ  မြန်မာနိုင်ငံအတွင်းနှင့်အပြင်သို့ မူးယစ်ဆေးဝါးကုန်ကူးမှုများသည် ယခုနှစ်တွင်မြင့်တက်လာခဲ့သည်ဟုဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အာဏာမသိမ်းမီကပင် ယင်းလုပ်ငန်းသည်ကြီးကျယ်သောလုပ်ငန်းဖြစ်နေခဲ့ ပြီးဖြစ်သည်ဟုဆိုသည်။ စစ်အာဏာသိမ်းအပြီး လူထုဆန္ဒပြပွဲများနှင့် ငွေသားရရှိနိုင်မှုလျော့နည်းလာခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကိုအားလျော့သွားစေခဲ့ပြီး မူးယစ်ဆေး ကုန်ကူးသူများကို စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်သလိုဖြစ်သွားသည်။  

ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါးကုန်ကူးမှုကို သုတေသနလုပ်နေသူ International Crisis Group (ICG) ၏ မြန်မာနိုင်ငံဆိုင်ရာအကြံပေး ရစ်ချတ်ဟော်ဆေး (Richard Horsey) က “စစ်အာဏာသိမ်းတာက နိုင်ငံစုံ မူးယစ်ဆေးဝါးဂိုဏ်းကြီးတွေအတွက် အခြေအနေကောင်းတခု ဖန်တီးပေးလိုက်သလိုဖြစ်သွားတယ်လို့ ကျနော် ထင်တယ်။ တရားရေးဆိုင်ရာအာဏာပိုင်တွေ အလွယ်တကူလက်လှမ်းမမီတဲ့ ယိုပေါက် ဟာပေါက်တွေမှာ သူတို့အလုပ်ဖြစ်နေကြတယ်။ စစ်အာဏာသိမ်းမှုက မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်နေတဲ့ရဲအရာရှိတွေကို သူတို့အလုပ်ကိုအာရုံမစိုက်နိုင်အောင် ဖြစ်သွားစေတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ဒေသတွေမှာလည်း ရှေ့ ဘာဖြစ်မယ်ဆိုတာကို မသေချာမရေရာဖြစ်သွားစေတယ်။ ဒီလိုမရေရာတာတွေဖြစ်လာတော့ သူတို့လည်း ဘဏ်ထဲမှာပိုက်ဆံတွေရှိချင်လာတယ်” ဟုပြောသည်။  

မြန်မာနိုင်ငံတွင်းက ‘လျှံထွက်လာနိုင်တဲ့’ ခြိမ်းခြောက်မှု 

အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ် ၁၉ နှင့်ရင်ဆိုင်ရုန်းကန်နေရသည်။ ယင်းရောဂါက ဒေသတွင်းကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေရသော စီးပွားရေးများကိုသွက်ချာ ပါဒလိုက်သွားစေသည်။ လူမှုရေးစည်းနှေင်မှုများကိုဖရိုဖရဲဖြစ်သွားစေသည်။ ထို့ပြင်လူထောင်ပေါင်းများစွာ ကိုလည်းသေဆုံးစေခဲ့သည်။  

မူးယစ်ဆေးဝါးကုန်ကူးမှုတွင် မည်သို့တိုးပွားလာမှုကမဆို ဤပြဿနာများကို ပို၍ဆိုးရွားလာစေမည်ဖြစ်သည်။ အချို့သောနိုင်ငံတကာအရာရှိများက သူတို့အမြင်ကိုပြောဆိုရာတွင် မြန်မာပြည်တွင်းစစ်အာဏာ သိမ်းမှုနောက်ပိုင်းဖြစ်ပေါ်လာသော မငြိမ်မသက်မှုများသည် လူ့အခွင့်အရေးပြဿနာနှင့် သံတမန်ရေး အကြပ်အတည်းသာမဟုတ်၊  ဒေသတွင်းနှင့် ဒေသပြင်ပရှိနိုင်ငံများအတွက်လည်း လုံခြုံရေးအရ ‘လျှံထွက် လာနိုင်တဲ့’ ခြိမ်းခြောက်မှုဖြစ်လိမ့်မည်ဟု သတိပေးပြောဆိုကြသည်။  

ဒေသတွင်းအခြေစိုက် အနောက်တိုင်းသံတမန်တဦးက “တကယ်ဝမ်းနည်းဖို့ကောင်းတာက ဒီလိုစိုးရိမ်ပူပန် မှုမျိုးမရှိတဲ့ စစ်အစိုးရတရပ်ခင်ဗျားတို့မှာရှိနေတာပဲ။ သူတို့ကနာမည်ပျက်မှာလည်းမကြောက်ဘူး၊ တာဝန်ခံမှု လည်းမရှိဘူး။ သူတို့က ဝင်ငွေ၊ အာဏာနဲ့ ထိန်းချုပ်ထားနိုင်မှုကိုပဲစိတ်ဝင်စားတယ်။ ရှမ်းပြည်မှာထိရောက်တဲ့ အစိုးရတရပ်မရှိတာရယ် မြန်မာနိုင်ငံအခြားဒေသများမှာ အလားတူဖြစ်လာနေတာရယ်တွေက မူးယစ်ဆေး ဝါးကုန်ကူးမှုနဲ့ တခြားတရားမဝင်လုပ်ငန်းအားလုံးကို ဆက်ပြီးဖြစ်ပေါ်နေစေလိမ့်မယ်” ဟု ပြောကြားခဲ့ သည်။  

ခရစ်စတယ်မက်သာအက်ဖက်တမင်း၊ မက်ဆေးပြား၊ ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ တွင်းမှ ထိုင်းနိုင်ငံတွင်းသို့သယ်ဆောင်ကုန်ကူးမှုသည် အများစုမှာ ဩစတြေလျ၊ နယူးဇီလန်၊ တောင်ကိုရီး ယား၊ ရုရှ၊ ဂျပန်၊ ယူကေ နှင့် အမေရိကန်နိုင်ငံတို့သို့ ဦးတည်ထွက်ခွာသွားကြသည်ဟု ထိုင်းမူးယစ်ဆေး နှိမ် နင်းရေးအရာရှိများကပြောသည်။  

ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာများ ကန့်သတ်ထိန်းချုပ်ထားသည့်အကြားမှပင် မူးယစ်ဆေးကုန် သွယ်မှုသည် ကြီးထွားအလုပ်ဖြစ်နေသည်ဟု သူတို့ကပြောသည်။  မူးယစ်ဆေးမှာယူခြင်းနှင့်ငွေပေးချေခြင်း များကို အွန်လိုင်းသတင်းပို့ဆက်သွယ်မှုများနှင့် အွန်လိုင်းငွေပေးချေမှုအက်ပ်များမှတဆင့် မူးယစ်ဆေးကုန် ကူးသူများကပြုလုပ်လာကြသည်။ ဤနည်းဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ မူးယစ်ဆေးများပို့ဆောင်ပြီး ထိုမှ တဆင့် ကမ္ဘာ့အခြားနိုင်ငံများသို့ ဆက်လက်သယ်ဆောင်ကြသည်။  

ဤပြဿနာအကြောင်းကို ဇွန်လအတွင်းကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းတရားရေးဝန်ကြီး ဆုမ်ဆပ်သက်ဆူသင် (Somsak Thepsuthin) က “အိုက်စ် ဝယ်လိုအားက နိုင်ငံခြားတိုင်းပြည်တွေမှာ ၂၀၂၁ အတွင်းတိုးတက်လာခဲ့တယ်” ဟုပြောသည်။  

ဖမ်းဆီးရမိမှုများသည် အရှေ့တောင်အာရှဒေသအတွင်း ၂၀၂၁ ခုနှစ်၌အမြင့်ဆုံးသို့ရောက်ရှိလာခဲ့သည်ဟု မူးယစ်ဆေးနှိမ်နင်းရေးအရာရှိများနှင့် အကြမ်းဖျဉ်းလေ့လာသုံးသပ်သူများက ထုတ်လုပ်မှုခန့်မှန်းချက်အ ပေါ်အခြေခံကာ ပြောဆိုကြသည်။ ယခုနှစ်အတွင်း ‘အဓိက’ ဖမ်းဆီးရမိမှု ၈၇ ခုကို UNODC ကမှတ်တမ်းပြု စုထားသည်။ ယင်းတို့အထဲတွင် မက်တာအက်ဖက်တမင်းဆေးပြားတစ်သန်း၊ သို့မဟုတ် ခရစ်စတယ်မက် ၁၀၀ ကီလိုဂရမ်၊ ကက်တာမင်း၊ သို့မဟုတ် ဘိန်းဖြူ တို့ပါဝင်ပြီး ယင်းမူးယစ်ဆေးဝါး သုံးပုံနှစ်ပုံနီးပါးကို ဂျွန်လနောက်ပိုင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတခုတည်းတွင် ယခုနှစ်ဂျွန်လအထိ မက်ဆေးပြား စုစုပေါင်း ၂၅.၈ တန်ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၀ ပထမနှစ်ဝက်ဖမ်းဆီးရမိမှုမှ ၇၃% ခုန်တက်လာခဲ့ခြင်းဖြစ် သည် ဟု ကုလမူးယစ်အေဂျင်စီ၏ အဆိုအရသိရသည်။  

သို့သော်လည်း ထိုင်းလက်လီဈေးကွက်တွင် အဆိုပါမူးယစ်ဆေးဝါးများ၏ ဈေးနှုန်းများမှာကျဆင်းလာခဲ့သည်ဟု မူးယစ်အရာရှိများကပြောသည်။ ယင်းအချက်မှာ ထုတ်လုပ်မှုပိုလျှံနေခြင်းကိုပြသနေသည်ဟု အချို့သော လေ့လာသုံးသပ်သူများကပြောဆိုကြသည်။ ဖြစ်နိုင်သည်မှာ ရှမ်းပြည်အတွင်းရှိထုတ်လုပ်သူများက အခွင့်အရေးယူအများအပြားထုတ်လုပ်ကြခြင်းဖြစ်ပြီး မူးယစ်ဆေးကုန်ကူးသူများကလည်း ဈေးပေါပေါဖြင့် ဖြန့်ပေးကာ ပထမဆုံးအကြိမ်သုံးစွဲသူများကို ဆွဲဆောင်သည့်နည်းဖြင့် ဈေးကွက်သစ်ရှာ ကြခြင်းဖြစ်လိမ့်မည်ဟု ထင်ကြေးပေးကြသည်။  

“ဒေသတွင်းနဲ့မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိမှုတွေက သိသိသာသာတိုးလာတယ်။ မနှစ်ကလည်း စံချိန်တင်များခဲ့ တာဘဲ။ ဈေးနှုန်းတွေကဒေသတွင်းမှာ တည်ငြိမ်နေတယ် ဒါမှမဟုတ်လဲ ကျနေတယ်။ ထုတ်လုပ်မှုကတော့ တိုးလာနေတယ်။ ဒီတော့ ဖမ်းဆီးရမိမှုတွေများလာပေမဲ့ ရောင်းလိုအားကလျော့မသွားဘူး” ဟု ဟော်ဆေး ကပြောသည်။  

စောင့်ကြပ်ကြည့်ရှုနေခြင်း 

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအကြား ဖြတ်သန်းစီးဆင်းနေသည့် Ruak မြစ် မဲခေါင်မြစ်တွင်းသို့စီးဝင်သည့် ရွှေတြိဂံဒေသသည် မှောင်ခိုပစ္စည်းများကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးသည့် အလွယ်တကူ စိမ့်ဝင်ဖြတ်ကျော်နိုင်သော နယ်ခြားရှိသည့်ဒေသအဖြစ် ကာလရှည်ကြာကတဲကပင် နာမည်ဆိုးဖြင့်ကျော်ကြားသည်။ မကြာသေး ခင်အချိန်အထိ ဤဒေသသည် ကမ္ဘာ့အကြီးဆုံးဘိန်းဖြူထုတ်လုပ်သည့်ဒေသဖြစ်ခဲ့သည်။  

မကြာသေးခင်နှစ်များကတော့ အာဖဂန်နစ်စတန်နိုင်ငံက ကျော်တက်သွားခဲ့သည်။ သို့သော် ကုလ၏အဆိုအရ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးဒုတိယအများဆုံးထုတ်လုပ်သူအဖြစ်ရှိနေဆဲဖြစ်သည်။ အရှေ့တောင်အာ ရှရဲတပ်ဖွဲ့များ၏ မကြာသေးခင်ရက်သတ္တပတ်များက ဘိန်းဖြူဖမ်းဆီးရမိမှုများတွင် ပင်ရင်းနိုင်ငံမှာ မြန်မာ နိုင်ငံဖြစ်နေသည်။  

သို့သော်လွန်ခဲ့သော ဆယ်စုနှစ်ကပေါ်ထွက်လာသည့် မက်တာအက်ဖက်တမင်းထုတ်လုပ်မှုနှင့်ကုန်သွယ်မှု မှာ ရှမ်းပြည်တွင်အကြီးဆုံးလုပ်ငန်းဖြစ်လာခဲ့သည်။ တရုတ်ပြည်သို့ကုန်သွယ်ရာကုန်းလမ်းတွင် ရှမ်းပြည်က ခွထိုင်ထားသည်။ Crisis Group ၏ ၂၀၁၉ အစီရင်ခံစာတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်ရရှိသောအ မြတ်ငွေသည် နိုင်ငံရေးဘောဂဗေဒ၏ဗဟိုချက်မနေရာတွင်ရောက်ရှိနေပြီး ရှမ်းပြည်တွင်းပုံမှန်တရားဝင် ကဏ္ဍကိုအဆမတန်သေးငယ်သောဘဝသို့ကျရောက်သွားစေခဲ့သည် ဟုဆိုသည်။ မဲခေါင်ဒေသ မူးယစ်ကုန် သွယ်မှုပမာဏစုစုပေါင်းမှာ တနှစ်လျှင် ဒေါ်လာ ၄၀ ဘီလီယံကျော်ရှိနေပြီးဆက်လက်တိုးပွားနေသည်ဟု ခန့်မှန်းထားသည်။  

အင်အားချည့်နဲ့သည့်နိုင်ငံများ၊ ခြစားမှုများပြားသည့်နိုင်ငံများ၊ အရာရှိများကိုလာဘ်ထိုး၍ရသည့်နိုင်ငံများ တွင် မူးယစ်ဆေးဝါးလုပ်ငန်းစည်ပင်လေ့ရှိသည်။ ယခင်စစ်အစိုးရအုပ်ချုပ်ခဲ့သည့် နောက်ဆုံးနှစ်များ၊ ထို့ နောက်ဆက်လက်ဖြစ်ပေါ်လာသည့် မတည်မငြိမ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလများ နှင့် ထိုအရာ များကိုစစ်အာဏာသိမ်းမှုဖြင့်ရုတ်တရက်ရပ်တန့်ပစ်လိုက်သည့် မြန်မာနိုင်ငံသည် ထိုကဲ့သို့သောနိုင်ငံတခု ဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည်၏တခုတည်းသောအစိုးရသက်တမ်း ၂၀၁၆-၂၁ တွင် မြန်မာနိုင်ငံကို ထိလွယ်ရှ လွယ်နိုင်ငံ သို့မဟုတ် ကျရှုံးနိုင်ငံအဖြစ် လေ့လာသုံးသပ်သူများကိုဖော်ပြစေခဲ့သည့် အကြောင်းပေါင်း များ စွာအနက်တခုမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုဖြစ်သည်။ အခြားသောအကြောင်းများမှာ တိုင်းပြည်တွင်း အမြစ်တွယ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ လူကုန်ကူးမှု၊ ရာသီဥတုပြောင်းလဲမှုအပေါ်အကဲဆတ်မှု တို့ ပင်ဖြစ်သည်။  

ဓါတုမူးယစ်ဆေးဝါးများသည် ဘိန်းဖြူကဲ့သို့မဟုတ်ပေ။ ဘိန်းဖြူက အဓိကအားဖြင့် ဘိန်းမှချက်လုပ်ရခြင်း ဖြစ်ပြီး လေကြောင်းမှစောင့်ကြည့်တိုင်းတာနိုင်သည်။ ဓါတုမူးယစ်ဆေးဝါးများကတော့ လျှို့ဝှက်ဓတ်ခွဲခန်း များတွင်ချက်လုပ်ကြသဖြင့် စောင့်ကြပ်ကြည့်ရှု၍မရ။ အိုက်စ် ချက်လုပ်ရန်အတွက် စက်ပစ္စည်းနှင့် ဓါတု ပစ္စည်းတို့အတွက်ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်။ ယင်းပစ္စည်းများကုန်သွယ်မှုကိုထိန်းချုပ်ကန့်သတ်ထား သည်။ ဓါတုဗေဒပညာရှင်များကိုလည်းစုဆောင်းထားဘို့လိုသေးသည်။ သို့သော်ယာဘဆေးပြား ထုတ်လုပ် မှုမှာမူ ဆေးပြားပုံသွင်းစက်သာလိုပြီး လက်မှုလုပ်ငန်းသက် သက်သာဖြစ်သည်ဟု ICG ကယင်း၏အစီရင် ခံစာတွင်ထောက်ပြထားသည်။ 

ရှမ်းပြည်သည် အခြားမြန်မာနိုင်ငံအစွန်အဖျားတိုင်းရင်းလူနည်းစုများရှိသည့် ပြည်နယ်များကဲ့သို့ပင် လက် နက်ကိုင်အဖွဲ့များပွစာကြဲနေသည်။ အချို့သောအဖွဲ့များမှာ သူတို့ဒေသကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ကျင့်သုံးကြ သည်။ အချို့အဖွဲ့များကစစ်တပ်နှင့်မဟာမိတ်ဖွဲ့ထားကြသည်။ အနည်းငယ်သောအဖွဲ့များက သူတို့ဒေသတွင်း မူးယစ်လုပ်ငန်းများလုပ်ကိုင်ခွင့်ပြုထားကြသည်။ မူးယစ်ကုန်သွယ်မှုမှရငွေကို ယင်းတို့အဖွဲ့အစည်းများ ဘဏ္ဍာငွေရရှိရေးအတွက်အသုံးပြုသည်။ အခြားသောအမြတ်ငွေများကို ယင်းတို့နယ်မြေအတွင်းဖြတ် သန်းသွားသည့် ယဉ်များအား ‘အခွန်ကောက်ခံခြင်း’ ဖြင့်လည်းသွယ်ဝိုက်ရရှိသည်။ ထိုယဉ်များတွင်မူးယစ် ဆေးဝါးများနှင့် မူးယစ်ဆေးထုတ်ရာတွင်သုံးသော ဓါတုပစ္စည်းများကိုသယ်ဆောင်သည့်ယဉ်များလည်း ပါဝင်သည်။ 

ထိုင်းအရာရှိများက ရှမ်းပြည်နှင့်တရုတ်ပြည်အကြား မြောက်ပိုင်းဝလူနည်းစုများနေထိုင်သည့် ကိုယ်ပိုင်အုပ် ချုပ်သည့်ဒေသကို မူးယစ်ဆေးထုတ်လုပ်သည့် ဓတ်ခွဲခန်းများ အဓိကရှိရာဒေသတခုအဖြစ်ဖော်ပြကြသည်။ ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးအချက်အလက်များကိုသုံးသပ်ဖော်ပြသည့် Janes စာစောင်၏ ဇန်န ဝါရီလထုတ်တွင် ဝ ဒေသရှိမူးယစ်ဂိုဏ်းများသည် ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ကူးသန်း ရောင်းဝယ်ခြင်းတို့တွင်ပါဝင်ပတ်သက်ခြင်းဖြင့် ‘ကြီးမားသည့်အမြတ်အစွန်း’ ရရှိနေသည်ဟု ရေးသားထား သည်။ ယင်းအမြတ်အစွန်းထဲမှ အချို့တဝက်ကို ပင်မစီးပွားရေးလုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံ ခြင်း ဖြင့်ခန့်မှန်းခြေဒေါ်လာသန်းရာပေါင်းများစွာကိုရရှိစေခဲ့သည်ဟုဆိုသည်။  

ဟောင်ကောင်နှင့်မကာအိုတို့မှ မူးယစ်ရာဇာကြီးများအပါအဝင် နိုင်ငံတကာရာဇဝတ်ဆင်ဒီကိတ်ဂိုဏ်းကြီး များက မြန်မာနိုင်ငံမှထွက်လာသည့် မူးယစ်ဆေးဝါးကုန်ကူးမှုလုပ်ငန်းကြီးကိုထိန်းချုပ်ထားကြသည်ဟု မူးယစ်ကုန်သွယ်မှုလုပ်ငန်း လေ့လာဆန်းစစ်သူများကပြောသည်။ မြန်မာနိုင်ငံ၏ ဓါတုမူးယစ်ဆေးဝါးထုတ် လုပ်မှုမှာ မက်ဆီကိုနိုင်ငံကိုပင်ကျော်လွန်နိုင်သည်ဟု ကုလမှ ဒေါက်ဂလပ်စ် ကယုံကြည်သည်။ မူးယစ်ဆေး ဝါးနှိမ်နင်းနိုင်စွမ်း ‘အလွန်သာလွန်သည့်’ အမေရိကန်-မက်ဆီကိုနယ်ခြားတွင် တူညီသည့်ပမာဏဖမ်းမိခဲ့ ခြင်းကိုကြည့်ပြီး သူတို့ကပြောဆိုခြင်းဖြစ်သည်။  

မကြာသေးခင်နှစ်များအတွင်း ရာဘ ထုတ်လုပ်မှုမြင့်တက်ခဲ့ခြင်းကြောင့်၎င်း၊ ဈေးပေါပေါနှင့်အများအပြား ပေးသွင်းနိုင်ခြင်းကြောင့်၎င်း ရာဘ သည် မြန်မာနိုင်ငံနှင့် ထိုင်း၊ ဘင်္ဂလာဒေ့ရှ် တို့အပါအဝင် အိမ်နီးချင်းနိုင် ငံများတွင် ရေပန်းစားလူသုံးများသောမူးယစ်ဆေးဝါးဖြစ်လာခဲ့သည်။  ထုတ်လုပ်သူများသည်ယခုအခါ ခရစ် စတယ်မက် ထုတ်လုပ်မှုသို့ပြောင်းသွားကြပြီဖြစ်ကြောင်း မကြာသေးမီကဖမ်းဆီးရမိမှုများကပြသနေသည်။ ယင်းခရစ်စတယ်မက်သည်ပိုမိုပြင်းထန်သည့်အာနိသင်ရှိပြီး ပိုစွဲစေကာ ဈေးလည်းပိုရသည်။  

ဗီယက်နမ်နိုင်ငံရှိ ဆေးစွဲသူများအကြားတွင် မက်တာအက်ဖက်တမင်းက ဘိန်းဖြူနေရာကိုအစားထိုးဝင် ရောက်နေရာယူသွားခဲ့ပြီဖြစ်သည်ဟု အဓိကပရဟိတအဖွဲ့ကြီးတခု၏ အကြီးအကဲတဦးကပြောသည်။ “အခု အချိန်ခင်ဗျား မူးယစ်ဆေးဝါးအကြောင်းပြောတယ်ဆိုရင် အဲဒါ ဓါတုမူးယစ်ဆေးဝါး ခေါ် မက်တာမက်ဖက် တမင်းဘဲ” ဟု SCDI ၏ ညွှန်ကြားရေးမှူး ခွပ်သီဟိုင်အုန်း (Khuat Thi Hai Oanh) ကပြောသည်။ ဤအဖွဲ့ သည် ဗီယက်နမ်နိုင်ငံရှိဆေးစွဲသူများကိုကူညီပေးနေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည်။ “ဘာ လို့လဲဆိုတော့ သူက စိတ်ကြွဆေး၊ သုံးပြီးရင် စိတ်ကပြောင်းလဲလာတယ် ကြွလာတယ် ကြမ်းတမ်းလာတယ် ဒါမျိုးက ဘိန်းဖြူသုံးသူတွေမှာမတွေ့ရဘူး” ဟု သူကဆက်ပြောသည်။  

မကြာသေးခင်ကအနည်းဆုံးတကြိမ် မူးယစ်ဆေးဝါးကို တရုတ်လက်ဖက်ခြောက်ထုပ်ပုံစံဖြင့်ဖမ်းမိခဲ့သည့် စင်္ကာပူမှ ရဲကလည်း  ၂၀၂၀ ခုနှစ်အတွင်းဖမ်းမိခဲ့သည့် ပထမအကြိမ်မူးယစ်ဆေးဝါးအသုံးပြုသူ ၁၁၅၁ ဦး တွင် ၇၀ ရာနှုန်းခန့်မှာ မက်သာအက်ဖက်တမင်းအသုံးပြုသူများဖြစ်သည်ဟုပြောသည်။  

“အရှေ့တောင်အာရှမှာ မက်သာအက်ဖက်တမင်းထုတ်လုပ်မှုမကြာသေးခင်ကကြီးထွားလာတာဟာ စိုးရိမ်စ ရာကောင်းတယ်။ ပြီးတော့ ဒေသတွင်းမူးယစ်ကုန်ကူးမှုလုပ်ငန်းတွေကြီးထွားလာတာကလည်း စင်္ကာပူနိုင် ငံရဲ့ မူးယစ်ဆေးဝါးအခြေအနေအပေါ်ကြီးမားတဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်ပေါ်စေတယ်” ဟု အဆိုပါ စင်္ကာပူရဲကပြောသည်။  

ထိုင်းနိုင်ငံတွင် ရာဘဆေးစွဲသူများကိုကုသပေးရမှုမှာ ၂၀၀၆ ခုနှစ်ကတဲက နှစ်ဆတိုးလာပြီး ၂ သိန်းနီးနီးရှိ လာခဲ့သည်ဟု  ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ် ဆေးကောလိပ် ဆေးစွဲသူများလေ့လာရေးဗဟို ဌာန ညွှန်ကြားရေးမှူး  ရာစမွန်ကလာယာစီရီ (Rasmon Kalayasiri) ၏ အပြောအရသိရသည်။ “မကြာသေး ခင်က အိုက်စ် ကအရမ်းရေပန်းစားလာတယ်” ဟု သူကဆက်ပြောသည်။ အိုက်စ် ဆေးဝါးစွဲမှုအတွက် ကုသ ပေးရမှုမှာ ရာဘ ဆေးစွဲသူကုသပေးရမှုထက်နည်းသည်။ သို့သော် ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း သုံးဆနီး ပါးတက်လာခဲ့ပြီး တနှစ်လျှင် ၁၆၀၀၀ အထိရောက်ရှိလာခဲ့သည်။  

ရောင်းလိုအားကဝယ်လိုအားထက်များနေခြင်း 

၂၀၁၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရက ယင်းတို့၏ ပထမဆုံးသော အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒကိုကြေညာခဲ့သည်။ ထိုမူဝါဒအရ ဆေးစွဲသူများအားကုသမှုကို နိုင်ငံတကာအကောင်း ဆုံးကျင့်ထုံးများနှင့်အညီပြုလုပ်မည်ဖြစ်သည်။ 

တိုင်းပြည်တွင်းတွင် မကြာသေးခင်ကမူးယစ်ဆေးဝါးများဖမ်းဆီးရမိနေခဲ့သော်လည်း တိုင်းပြည်တွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများမှာ ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးကတဲကပျက်စီး ယိုယွင်းသွားခဲ့သည်ဟု မူးယစ်ဆေးဝါးဆိုင်ရာ လေ့လာသုံးသပ်သူများနှင့် မြန်မာနိုင်ငံတွင်းကလူများက ပြောကြသည်။ အချို့သောရဲများကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖောက်ကားသည့်ဒေသများမှ  အာဏာသိမ်းမှုဆန့်ကျင်သည့်လူထုလှုပ်ရှားမှုများအဓိကရှိရာ မြန်မာပြည်အလယ်ပိုင်းဒေသသို့ပြန်လည် ပြောင်းရွှေ့ခဲ့သည်။  

ဤဆောင်းပါးအတွက် မှတ်ချက်ပေးပါရန် မြန်မာစစ်အစိုးရပြောရေးဆိုခွင့်ရှိသူထံတောင်းခံခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိခဲ့ပါ။  

“မူးယစ်ဆေးဝါးထုတ်လုပ်မှုက ဝယ်လိုအားထက်မြန်မြန်ကြီးပိုများနေတယ်” ဟု ရွှေတြိဂံဒေသမှ မြန်မာ့အဓိ ကမြို့ဖြစ်သော တာချီလိတ်တွင်နေထိုင်သူတဦးကပြောသည်။ ထိုသူသည်ဒေသတွင်းမူးယစ်ဆေးဝါးရောင်း ဝယ်မှုအကြောင်းအသေးစိတ်သိသူဖြစ်သည်။ မက်တာအက်ဖက်တမင်းထုတ်လုပ်မှုမှာတိုးလာခဲ့ပြီး ဈေးနှုန်း မှာမူ အာဏာသိမ်းပြီးကတဲကကျသွားခဲ့သည်ဟု သူကဆက်ပြောသည်။  

“ဒေါ်အောင်ဆန်းစုကြည်အစိုးရက ကုန်ကားတွေကိုစစ်ဆေးဘို့စက်တွေဝယ်ထား တပ်ထားတယ်။ ဒီစက် တွေကအခုလဲသုံးနေတာဖြစ်ပေမဲ့ လာဘ်ငွေပေးပြီးစက်တွေကိုမဖြတ်ဘဲကျော်သွားလို့ရတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။ သူကစစ်အစိုးရဒေါသထွက်မည်ကိုစိုး၍ သူ့နာမည်ကိုဖော်မပြောပါရန် မေတ္တာရပ်ခံ ထားသည်။  

မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်ရာတွင် အလားတူကြားစခန်းတခုဖြစ်သည့် ရှမ်းပြည်နယ်တောင်ဘက် ကရင်ပြည်နယ်မှ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုအကြောင်း အမှန်တကယ်သိသူ ဒုတိယပုဂ္ဂိုလ်တဦးကလည်း “အာဏာသိမ်းပြီးကတဲက မူးယစ်ဆေးဝါးသယ်ဆောင်တာတွေပိုများလာတယ်။ ကြောက်စရာမလိုတော့လို့ ၁၀၀ ရာနှုန်းစိတ်ချရတယ်” ဟုပြောသည်။  

ကမ္ဘာ့ကပ်ရောဂါကြောင့် ထိုင်းကနယ်စပ်ကိုတင်းကြပ်စွာထိန်းချုပ်ထားလိုက်သည့်အတွက် ယခုအခါ မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံအတွင်းလွတ်လပ်စွာကူးသန်းနေနိုင်သည်။ မူးယစ်ဆေးဝါးကုန်ကူး သူများသည် သူတို့၏သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို တိုင်းပြည်၏တောင်ဘက်ဆိပ်ကမ်းများအပါ အ ဝင်နေရာအနှံ့အပြားသို့ပြောင်းရွှေ့ခဲ့သည်။ “အခုအခါထိုင်းကိုဖြတ်ပြီးမူးယစ်ဆေးဝါးသယ်ဘို့ကပိုခက်လာ တယ် (အာဏာသိမ်းပြီးကတဲက) ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းသယ်ဘို့က ၁၀၀ ရာနှုန်းနီးပါးပိုလွယ်လာ တယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုဘယ်သူမှဖမ်းမှာမဟုတ်တော့လို့” ဟု ကရင်ပြည်နယ်မှ လူတဦးကပြော သည်။  

ကုန်သွယ်ရေးလမ်းကြောင်းများ 

မူးယစ်ဆေးဝါးများတိုးမြင့်ဖမ်းဆီးရမိနေခြင်း၊ ဈေးနှုန်းများကျဆင်းနေခြင်း၊ မြန်မာစစ်တပ်က မူးယစ်ဆေး များကိုသယ်ဆောင်ခွင့်ပြုနေသည်ဟူသောသတင်းများကို တရားမဝင်လုပ်ငန်းလည်းဖြစ်၊ လူထုအုံကြွမှုနှင့် ကပ်ရောဂါဖြစ်ပွားနေသောနိုင်ငံမျိုးတွင် လွတ်လပ်စွာအတည်ပြုရန်မလွယ်ကူပါ။ ထိုနိုင်ငံသည် နိုင်ငံခြား သတင်းထောက်များနှင့်သုတေသီများကိုပိတ်ပင်ထားသည့်နိုင်ငံလည်းဖြစ်သည်။ 

မည်သို့ပင်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများတွင်မူးယစ်ဆေးကုန်သွယ်မှုကိုစောင့်ကြည့်လေ့လာနေသော အရာရှိ များနှင့်ပူးတွဲ၍လေ့လာနိုင်ပါသည်။ ဇွန်လတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းဝန်ကြီး ဆုမ်ဆပ် (Somsak) က မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် အိုက်စ် နှင့် ဘိန်းဖြူနှစ်မျိုးလုံးကို နိုင်ငံတွင်းတိုးချဲ့ပို့ ဆောင်နေကြသည်ကိုတွေ့ရပါသည် ဟုပြောသွားသည်။ ရွှေတြိဂံဒေသတွင်ထုတ်လုပ်သည့်မူးယစ်ဆေးဝါး များကို အနောက်ဘက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့၎င်း၊ အရှေ့ဘက် ချင်းရိုင်သို့၎င်း၊ ထိုင်းနိုင်ငံမြောက်ဘက် ချင်းမိုင်သို့၎င်း တောင်ဘက်သို့ မြန်မာနိုင်ငံဆိပ်ကမ်းများမှ၎င်း  သယ်ဆောင်နေကြသည်ဟု သူကဆက်ပြောသည်။  

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်း 

ကိုဗစ် ၁၉ ကြောင့်ခရီးသွားကန့်သတ်မှုများကိုရှောင်လွှဲရန် မူးယစ်ကုန်ကူးသူများသည် နည်းပရိယာယ်များ ကိုပြောင်းလဲခဲ့ကြသည်။  

အချို့သောမူးယစ်ဆေးဝါးများကို လာအိုနိုင်ငံကိုဖြတ်၍ ဗီယက်နမ်နိုင်ငံသို့သယ်ဆောင်ပြီး ဗီယက်နမ်ဆိပ် ကမ်းများကိုအသုံးပြုကာ အခြားနိုင်ငံများသို့ ဆက်လက်သယ်ဆောင်ကြသည်ဟု သူကဆက်ပြောသည်။  

မူးယစ်ဆေးဝါးဈေးနှုန်းများကိုစောင့်ကြည့်လေ့လာနေသော ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ် အဖွဲ့ရုံး(ONCB) ၏ အပြောအရ ခရစ်စတယ်မက် တစ်ဂရမ်၏လက်လီဈေးနှုန်းသည် ယခုနှစ်တွင်ထက်ဝက် အထိကျသွားပြီး ထိုင်းဘတ် ၅၀၀ မှ တစ်ထောင်အကြားသာရှိတော့သည်ဟုဆိုသည်။ ယင်းမှာ ဒေါ်လာနှင့် ဆိုလျှင် ၁၅ ဒေါ်လာခန့်သာရှိသည်။ လွန်ခဲ့သောတနှစ်က ဆိုလျှင် ထိုဈေးနှုန်းသည် ဘတ် တစ်ထောင်မှ နှစ်ထောင်အကြားရှိသည်။ ရာဘဆေးပြားတပြား၏ ဈေးနှုန်းမှာ ၂၀၂၁ တွင် ဘတ် ၅၀ မှ တစ်ရာ အတွင်း သို့ကျဆင်းသွားခဲ့သည်။ လွန်ခဲ့သောတနှစ်ကဆိုလျှင် ဘတ် ၁၀၀ ရှိသည်။  

ချင်းမိုင်တက္ကသိုလ် မြောက်ပိုင်းမူးယစ်ဆေးဝါးသုံးစွဲသူများဗဟိုဌာန အကြီးအကဲ ဝပ်ချာရာပွန်ဖွန်ချွန် (Watcharapong Phumchuen) က “ကျနော်မူးယစ်ဆေးရောင်းချတဲ့လူငယ်တွေနဲ့စကားပြောကြည့်တယ်။ သူတို့ပြောတာက မက်သာအက်ဖက်တမင်းကပိုဈေးပေါတယ် သုံးစွဲသူပိုများတယ် ဒါကြောင့်ရောင်းတဲ့လူ လဲပိုများတယ်တဲ့။ ဒီတော့ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်မှာအခုဆိုရင် မူးယစ်ဆေးလဲပိုများလာတယ် ဆေးစွဲသူလည်းပိုများလာတယ်လို့ ကျနော်တို့စိတ်ချလက်ချပြောလို့ရပါတယ်” ဟု ပြောသည်။  

နည်းပညာပိုင်းတိုးတက်လာမှုများကြောင့် ရာဘနှင့်အိုက်စ်ကိုထုတ်လုပ်ရာ သယ်ဆောင်ရာတွင်ပိုမိုလွယ်ကူ လာသည်ဟုသူကပြောသည်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအုံကြွမှုများကြောင့် မူးယစ်ကုန်သွယ်မှုကိုမီးထိုးပေး သလိုဖြစ်နေသည်ဟုလည်းသူကဆက်ပြောသည်။ “လွန်ခဲ့တဲ့ ၅ နှစ်ကဆိုဒီလောက်မများဘူး။  အာဏာသိမ်း ပြီးကတဲက နယ်စပ်ကမြန်မာအရာရှိတွေအတွက် ဒီအချိန်ကငွေရှာတဲ့အချိန်ဖြစ်နေတာဘဲ။ အထူးသဖြင့်ဂျွန် လကစပြီး လူတွေကမူးယစ်ဆေးသယ်ဘို့ပိုကြိုးစားလာကြတယ်” ဟု သူကပြောသည်။  

ဘန်ကောက်မှ Ryn Jirenuwat မှဖြည့်စွက်သတင်းပေးပို့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly