ရုရှားနှင့် တရုတ်က တာလီဘန်တို့အပေါ် အတန်အသင့် သြဇာလွှမ်းမိုးနိုင်ရန် လိုအပ်ဟု ယူကေ ပြော

ရုရှားနှင့် တရုတ်က တာလီဘန်တို့အပေါ် အတန်အသင့် သြဇာလွှမ်းမိုးနိုင်ရန် လိုအပ်ဟု ယူကေ ပြော

တရုတ်၊ ရုရှားတို့၏ အစိုးရများနှင့် ဗြိတိန်အစိုးရအကြား အပြန်အလှန် မယုံကြည်မှုများ ရှိနေသောလည်း တာလီဘန်တို့အပေါ် ရုရှားနှင့် တရုတ်တို့ဘက်က “အတန်အသင့် သြဇာလွှမ်းမိုးမှု” ရှိစေရေးအတွက် ဗြိတိန်အနေဖြင့် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သွားရလိမ့်မည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ် ရာ့ဘ်က ပြောသည်။

“ရုရှားနဲ့ တရုတ် လိုမျိုး ဖြစ်နိုင်ခြေရှိ အတန်အသင့် သြဇာလွှမ်းမိုးနိုင်တဲ့ နိုင်ငံတွေ ဒီအခြေအနေမှာ ပါဝင်ပတ်သက်လာဖို့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီလို လုပ်ရတာကတော့ ကသိကအောက်တော့ ဖြစ်ရပါတယ်” ဟု ရာ့ဘ်က The Sunday Telegraph သတင်းစာကို ပြောသည်။

တာလီဘန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်အပတ်က အမေရိကန် ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ်ဆီကနေ အာဏာ ရယူထိန်းချုပ်သွားနိုင်ခဲ့ရာ လူထောင်ပေါင်းများစွာတို့ ယင်းနိုင်ငံကနေ ထွက်ပြေးကြသည့် အခြေအနေများကို ဖြစ်ပေါ်စေခဲ့သလို ယင်းနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုအကြာကလိုမျိုး အဆိုပါစစ်သွေးကြွအဖွဲ့၏ တင်းကျပ်ပြင်းထန်သည့် အုပ်ချုပ်မှုပုံစံဆီ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိနိုင်ဖွယ်ရှိသည့် အခြေအနေကို ဖြစ်ပေါ်ထားစေခဲ့သည်။

ဗြိတိန်နှင့် တရုတ်တို့သည် ဟောင်ကောင်အရေး၊ တရုတ်၏ ဝီဂါ လူမျိုးစုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဆိုသည့် အရေးကိစ္စ အပါအ၀င် အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး မကြာ‌သေးသည့် ကာလများအတွင်း သဘောကွဲလွဲမှုများ ဖြစ်ပေါ်ထားခဲ့သည်။

အလားတူ ၂၀၁၈ ခုနှစ်က ရုရှားထောက်လှမ်းရေးအေးဂျင့် ရာနှင့်ချီကို သစ္စာဖောက်ပြီး ဗြိတိန် MI6 ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့သည့် နှစ်ဖက်ချွန်သူလျှိုဟောင်း ဆာဂေးလ် စခရီပယ်လ် နိုဗီချော့ဟု သိကြသည့် ဆိုဗီယက် ဖော်စပ်ထုတ်လုပ်သည့် အာရုံကြောဓာတုအဆိပ်တစ်မျိုးဖြင့် အဆိပ်ခတ်ခံရမှု ဖြစ်စဥ်နောက်ပိုင်း လန်ဒန်နှင့် မော်စကိုအကြား ဆက်ဆံရေးသည် အေးခဲထားခဲ့သည်။

ထို့ပြင် မော်စကိုတွင် အလုပ်လုပ်နေခဲ့သည့် BBC ဂျာနယ်လစ်တစ်ဦး နိုင်ငံကနေ ထွက်ခွာရန် ညွှန်ကြားခံရမှုနောက်ပိုင်း ဗြိတိန်နှင့် ရုရှားအကြား ဆက်ဆံရေးသည် ထပ်မံဆိုးရွားထားခဲ့သည်။

ဗြိတိန်တပ်ဖွဲ့များသည် သြဂုတ် ၁၃ ရက်နောက်ပိုင်း ကဘူးလ်ကနေ လူပေါင်း ၃,၈၂၁ ဦးကို ရွှေ့ပြောင်းကယ်ထုတ်ထားခဲ့ပြီး ၎င်းတို့ထဲတွင် ယူကေသို့ ရောက်ရှိနေပြီဖြစ်သည့် လူပေါင်း ၁,၃၂၃ ဦး ပါဝင်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၎င်းတို့ထဲတွင် သံရုံးအမှုထမ်းများ၊ ဗြိတိန်နိုင်ငံသားများ၊ အာဖဂန် ပြန်လည်နေရာချထားရေးနှင့် အကူအညီပေးရေး မူဝါဒ (ARAP) ပရိုဂရမ်အောက်တွင် အကျုံးဝင်သူများ ပါ၀င်သည်။

အာဖဂန်နစ္စတန်ကို စွန့်ခွာပစ်ပယ်ခဲ့မှုက ဝမ်းနည်းစရာ ကောင်းပြီး အန္တရာယ်ကြီးကာ မလိုလားအပ်သည့်ကိစ္စဖြစ်ကြောင်း၊ ယင်းက မိမိတို့အတွက်လည်း အကျိုးမရှိသလို ၎င်းတို့အတွက်လည်း အကျိုးမရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲက သြဂုတ် ၂၁ ရက်က ဝေဖန် ပြောဆိုခဲ့သည်။

၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်ကို ဗြိတိန်တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်းက ပြောကြားရာတွင် အာဖဂန်ကနေ တပ်ရုပ်ဆုတ်ခွာသည့် ဆုံးဖြတ်ချက်ကို အဓိက မဟာဗျူဟာဖြင့် တွန်းအားပေးခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ တွန်းအားပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly