ဒီအင်န်အေ နည်းပညာသုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်သည့်ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်း ၈ ရာခိုင်နှုန်းနီးပါး မြင့်တက်

ဒီအင်န်အေ နည်းပညာသုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်သည့်ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်း ၈ ရာခိုင်နှုန်းနီးပါး မြင့်တက်

အိနိ္ဒိယအစိုးရက Cadila Healthcare Ltd ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒီအင်န်အေ နည်းပညာသုံး ကိုဗစ်-၁၉ ကာကွယ်ဆေးအား အသုံးပြုရန် ခွင့်ပြုပေးလိုက်ပြီးနောက် အဆိုပါကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းသည် ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်သွားသည်။

အဆိုပါ ကာကွယ်ဆေးကို အရွယ်ရောက်သူများနှင့် အသက် ၁၂ နှစ်နှင့်အထက် ကလေးငယ်များအတွက် အရေးပေါ်လိုအပ်ချက်အရ အသုံးပြုသွားမည်ဖြစ်သည်။

ဇီဝနည်းပညာဌာနနှင့် ကုမ္ပဏီတို့အကြား ပူးပေါင်းထုတ်လုပ်သည့် အဆိုပါ ကာကွယ်ဆေးသည် Bharat Biotech ၏ Covaxin ကာကွယ်ဆေးပြီးနောက် ဒုတိယမြောက် ပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်သည်။

ZyCoV-D ဟု အမည်ပေးထားသည့် ယင်းကာကွယ်ဆေးများကို တစ်နှစ်လျှင် သန်း ၁၀၀ မှ ၁၂၀ အထိ ထုတ်လုပ်သွားမည်ဖြစ်ကာ စတင်၍ ထုတ်ပိုးမှုများ လုပ်ဆောင်နေပြီဟု Cadila ကုမ္ပဏီက ကြေညာထားသည်။

စက်တင်ဘာလတွင် တိုးမြှင့်ထုတ်လုပ်ပြီး အောက်တိုဘာလမှစတင်၍ တစ်လျှင် ၁၀ သန်းခန့် အထိ ရရှိအောင် ထုတ်လုပ်မည်ဟု ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ရှာဗီးလ်ပါတယ်က ဩဂုတ် ၂၁ ရက်တွင် ပြောကြားသည်။

ဆေး၏ ဈေးနှုန်းကိုလည်း ယခုသီတင်းပတ်အတွင်း ရှင်းလင်းစွာ သိရှိရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အိနိ္ဒိယအစိုးရက ယင်းကာကွယ်ဆေးကို အတည်ပြုပေးလိုက်ခြင်းကြောင့် အရွယ်ရောက်ပြီး ဆေးထိုးနိုင်သူအားလုံးကို ဒီဇင်ဘာလမတိုင်မီ ဆေးထိုးပေးသွားမည်ဖြစ်ကာ အသက် ၁၈ နှစ်အောက် လူငယ်များအား စတင်ထိုးပေးသွားမည်ဖြစ်သည်။

လာမည့် ဆောင်းရာသီကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်းက ကလေးများအား ကူးစက်မှုဖြစ်ပွားမည်ကိုလည်း စိုးရိမ်လျှက်ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly