အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် ရန်ကုန်အသင်းနှင့် ထိုင်းကလပ် စူဖန်ဘူရီအသင်းတို့ တွေ့ဆုံ

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် ရန်ကုန်အသင်းနှင့် ထိုင်းကလပ် စူဖန်ဘူရီအသင်းတို့ တွေ့ဆုံ
ထိုင်းပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွင် စူဖန်ဘူရီအသင်းကစားသမားများ အသင်းပရိသတ်များအား နှုတ်ဆက်နေစဉ်။ ဓာတ်ပုံ - စူဖန်ဘူရီ

ဒီဇင်ဘာ ၁၄၊ ရန်ကုန် ။           ။ ၂၀၁၆ အာရှချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်မှ ကစားခွင့်ရရှိထားသော မြန်မာနေရှင်နယ်လိဂ်ကလပ်ရန်ကုန်ယူနိုက်တက် အသင်းသည် ဒုတိယအဆင့်အတွင် ထိုင်းပရီးမီးယားလိဂ်ကလပ် စူဖန်ဘူရီအသင်းနှင့် ကစားရမည်ဖြစ်သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံ ရန်ကုန်အသင်းနှင့် ၂၀၁၅ ထိုင်းပရီးမီးယားလိဂ် အဆင့် ၃ စူဖန်ဘူရီ အသင်းတို့၏ ပွဲစဉ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ထိုင်းနိုင်ငံက ကျင်းပမည်ဖြစ်သည်။

ရန်ကုန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် စူဖန်ဘူရီအသင်းကို ထိုင်းလက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝိုရာဝိုဒ်မှ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ် နေသည်။ စူဖန်ဘူရီအသင်း နည်းပြ ဝိုရာဝိုဒ်သည် ကစားသမားဘဝ၌ ထိုင်းထိပ်သီးကလပ် အသင်းများဖြစ်သည့် ဘီအီးစီ တယ်ရိုဆာဆနာ၊ ချောင်ဘူရီအသင်းများတွင် ကစားခဲ့ဖူးသည့်အပြင် မလေးရှားကလပ် ကီလန်တန်အသင်းတွင်လည်း ကြေးစား ကစားသမားအဖြစ် ကစားခဲ့ဖူးသည်။

နည်းပြ ဝိုရာဝိုဒ်သည် ဖူဖန်ဘူရီအသင်းကို ၂၀၁၂ ခုနှစ်တုန်းက တစ်ကြိမ် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ်မြောက် တာဝန်ယူကိုင်တွယ်ခြင်းဖြစ်သည်။ အလားတူ စူဖန်ဘူရီ အသင်းနှင့် ကစားရမည့် ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း မနောမြေအသင်းနည်းပြဟောင်း ဘရာဇီးလူမျိုး အီမာဆန်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ထားပြီး သြစတြေးလျနိုင်ငံသားနောက်ခံလူ လူမီဆူဆက်၊ ဘရာဇီးလူမျိုး တိုက်စစ်မှူး မာဆယ်လို ဖာနန်ဒက်စ်တို့ကို ထပ်မံခေါ်ယူထားသည်။

ရန်ကုန်အသင်းသည် ၂၀၁၆ အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့်တွင် စူဖန် ဘူရီအသင်းကို အနိုင်ရခဲ့ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သော်လည်း ရှုံးထွက်အဆင့်တွင့် ထပ်မံအနိုင်ရရှိမှသာ ၂၀၁၆ အာရှချန်ပီယံလိဂ်သို့ ဝင်ရောက်ကစားခွင့်ရရှိ မည်ဖြစ်သည်။

ရှုံးထွက်အဆင့်ပြိုင်ပွဲကို ၂၀၁၆ ဖေဖော်ဝါရီ ၉ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ရှုံးထွက်အဆင့်တွင် ဂျပန် ဂျေလိဂ်၌ အဆင့် ၄ ရရှိသည့်အသင်းနှင့် ထပ်မံကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly