ရန်ကုန်မှ ATM တန်းစီရင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွါး

ရန်ကုန်မှ ATM တန်းစီရင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွါး

ဩဂုတ်လ ၂၄ ရက်၊

 

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်သာယာဈေးဝယ်စင်တာရှိ AYA ဘဏ် ATM(ငွေထုတ်စက်)တွင် ခိုက်ရန်ဖြစ်ပွားမှု ဒီကနေ့ ဩဂုတ်လ ၂၄ ရက် နေ့လယ်ခင်း ၁ နာရီခန့်တွင်ဖြစ်ပွားခဲ့သည်။

“ဘဏ်ဘက်က ဒီနေ့ငွေထုတ်လို့ရတယ်ဆိုတော့ အဲ့ဒီကို ကျွန်တော်လဲသွားတာ၊ ဟိုရောက်တော့ တန်းစီတဲ့သူတွေ ၁၀၀ ကျော်လောက်ရှိတယ်၊စက်တောင်မဖွင့်သေးဘူး နေရာလုရင်း အဖွဲ့လိုက်ကြီးရန်တွေဖြစ်ကြတာ ၊ လုံခြုံရေးတွေတောင်ခွဲလို့မနိုင်ပါဘူး” ဟုကိုယ်တိုင်ကြုံတွေ့သူက မဇ္ဈိမကိုပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင်ပြန့်နှံ့နေသည့် ရုပ်သံဖိုင်တွင် တစ်ဖက်နှစ်တစ်ဖက် ထီးများနှင့်ရိုက်နှက်ကာ အပြန်အလှန်အော်ဟစ်ပြောဆိုနေသံများကြားသိရသည်။

နောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲသားများ ရောက်လာကြောင်းသိရပြီး ဖမ်းဆီးခံရမှုအားမသိရသေးပေ။ AYA ဘဏ်မှ ထိုခဏထိန်းသိမ်းကာ နောက်ပိုင်းမှ ပြန်ဖွင့်ပေးခဲ့ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ဘဏ်များကိုထိန်းချုပ်လာပြီး ပြည်သူများ ငွေကြေးထုတ်ယူရာတွင်၊ တန်းစီစောင့်ရသည့် အခက်အခဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ATM များတွင်ခိုက်ရန်ဖြစ်ပွားမှုများ၊ တန်းစီစောင့်နေသည့် ပြည်သူများအား သေနတ်ပစ်ဖောက်လူစုခွဲမှုများ မကြာခဏဆိုသလို သတင်းများကြားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required