PDF နှင့် NUG ကို ဆန့်ကျင်ရန် စစ်ကောင်စီက လူထုအကြားလိုက်လံကြေညာ

PDF နှင့် NUG ကို ဆန့်ကျင်ရန် စစ်ကောင်စီက လူထုအကြားလိုက်လံကြေညာ

ဩဂုတ် ၂၄

စစ်ကောင်စီကကောင်းကျိုးပြုသူများဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်သူများဖြစ်ကြောင်း ဝါဒဖြန့်ချိမှုများကို လူနေရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အော်ဟစ်ပြုလုပ်လျှက်ရှိသည်။

ရန်ကုန် မန္တလေးအပါအဝင် မြို့အချို့တွင် လက်နက်ကိုင်အစောင့်အရှောက်များလိုက်ပါလျှက် ကြေညာမှုတွင် စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်နေမှုပေးပြီး NUG သည် COVID-19 ကို ဇီဝလက်နက်အဖြစ်အသုံးပြုကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) သည် အကြမ်းဖက်လုပ်ရပ်များလုပ်နေကြောင်းစွပ်စွဲပြီး မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်သွားမည်ဖြစ်ကြောင်းပါရှိသည်။ အချို့နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကိုပါ တိုက်ခိုက်ပြောဆိုသည်ကိုတွေ့ရသည်။

သို့သော် စစ်တပ်၏ခေတ်ဟောင်းကပုံအတိုင်း ဝါဒဖြန့်မှုအပေါ် အလေးထားမှုနည်းပါးသည်ကို မဇ္ဈိမက စုံစမ်းမေးမြန်းချက်များအရသိရသည်။

ရန်ကုန် စမ်းချောင်းမြို့နယ်ရှိဒေသခံတစ်ဦးကတော့ "ကိုယ်လုပ်တာတွေကို လိုက်အော်နေတဲ့ကောင်တွေမို့ လူထုဒေါ်အမာပြောတဲ့ အလ္လဇီတွေလို့ပြောရုံကလွဲလို့ ဘာမှမရှိတော့ဘူး''ဟု မှတ်ချက်ပြုသည်။

မန္တလေးက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ အမရပူရ၊ ပုသိမ်ကြီး နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် သြဂုတ်လ ၂၃ ရက်တွင် မောင်းနှင်နေသော လူမူကူညီရေးကားပေါ်မှ အသံချဲ့စက်ဖြင့်အော်သွားခြင်းဖြစ်ပြီး သေနတ်ကိုင်သူများစီးနင်းလာသော ဆိုင်ကယ်နှစ်စီးက ထပ်ကြပ်မကွာလိုက်ပါခဲ့သည်။

"ဟိုင်းလပ် ခဲရောင်ကားနဲ့ စစ်သား ငါးကောင်လောက်ပါတယ်။ ၃၅ လမ်းပေါ်မှာ အော်သွားတာ။ ကိုဗစ်ကို အချေပြုပြီး ပြည်သူကိုသတ်နေတယ်လို့ အော်သွားတာ။ မောင်းတာကလည်းမြန်တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့အထိ တော်လှန်ရေးဘက်မှကျဆုံးခဲ့သူ အနည်းဆုံး ၁၀၁၃ ဦးရှိပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်သည်။

ထို့အပြင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၈၂၁ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးကိုထောင်ဒဏ်ချမှတ်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များကို NUG အစိုးရက အကြမ်းဖက်သမားများဟု သတ်မှတ်ထားပြီး နိုင်ငံအများစုက အရေးယူပိတ်ဆို့မှုများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly