အိနိ္ဒယအစိုးရက မျိုးဗီဇနည်းပညာသုံး ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးအသုံးပြုရန် အရေးပေါ် ခွင့်ပြု

အိနိ္ဒယအစိုးရက မျိုးဗီဇနည်းပညာသုံး ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးအသုံးပြုရန် အရေးပေါ် ခွင့်ပြု

အိန္ဒိယအစိုးရ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနက Zydus Cadila ဆေးဝါးကုမ္ပဏီ၏ ကမ္ဘာ့ပထမဆုံး မျိုးဗီဇနည်းပညာ DNA သုံး ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်ခွင့်ပြုလိုက်သည်။ ယင်းဆေးကို အရွယ်ရောက်သူများနှင့် အသက် ၁၂ နှင့်အရွယ် လူငယ်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။

ဒီဇင်ဘာလမတိုင်မီ နိုင်ငံတွင်းရှိ အကျုံးဝင်သူ လူငယ်အားလုံးကို ကာကွယ်ဆေးထိုးရန် ရည်မှန်းထားသည့် အိန္ဒိယနိုင်ငံအတွက် ယခုခွင့်ပြုချက်က အထောက်အပံ့များစွာ ဖြစ်စေနိုင်သည်။

ZyCoV-D အမည်ရှိ ကာကွယ်ဆေးသည် DNA သို့မဟုတ် RNA အဖြစ် ကိုရိုနာဗိုင်းရပ်စ်မှ မျိုးဗီဇ အစိတ်အပိုင်းတစ်ခုကို အသုံးပြုကာ ကိုယ်ခံအားစနစ်မှ အသိအမှတ်ပြု တုံ့ပြန်ပေးမည့် ပရိုတိန်းတစ်မျိုးမျိုးကို ထွက်ပေါ်စေမည်ဖြစ်သည်။

အခြားကိုဗစ်ကာကွယ်ဆေးများသည် ၂ ကြိမ်ထိုးရန် လိုအပ်သော်လည်း ZyCoV-D ကို ၃ ကြိမ် ထိုးရန် လိုအပ်မည်။

Cadila Healthcare Ltd အဖြစ် မှတ်ပုံတင်ထားသည့် ဆေးကုမ္ပဏီက တစ်နှစ်လျှင် ZyCoV-D ဆေးလုံးရေ သန်း ၁၀၀ မှ သန်း ၁၂၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ကာကွယ်ဆေးများကိုလည်း စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။

ဇီဝနည်းပညာဌာနနှင့် ပူးပေါင်းထုတ်လုပ်သည့် အဆိုပါ ကာကွယ်ဆေးသည် Bharat Biotech ကုမ္ပဏီ၏ Covaxin ကာကွယ်ဆေးပြီးနောက် ခွင့်ပြုချက်ပေးလိုက်သည့် အိန္ဒိယနိုင်ငံထုတ် ဒုတိယမြောက် ကာကွယ်ဆေးဖြစ်သည်။

ကုမ္ပဏီက ၎င်းတို့၏ ကာကွယ်ဆေးသည် အထူးသဖြင့် Delta မျိုးပွားကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ်များကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သလို သာမာန်ဆေးထိုးအပ်များကဲ့သို့ မဟုတ်ဘဲ အပ်မပါသည့် ဖိအားသုံးကိရိယာဖြင့် ကာကွယ်ဆေးကို ထိုးရမည်ဖြစ်သည်။

အိန္ဒိယတွင် နိုင်ငံလူဦးရေ၏ ၉ ဒသမ ၁၈ ရာခိုင်နှုန်းကိုသာ ဆေးထိုးရသေးပြီး ZyCoV-D သည် နိုင်ငံတွင်း ဆဌမမြောက် အသိအမှတ်ပြုလိုက်သည့် ကိုဗစ်ကာကွယ်ဆေးဖြစ်ကြောင်း ဂျွန်စ်ဟော့ကင်းအဖွဲ့၏ အချက်အလက် စုဆောင်းရေး ဝက်ဘ်ဆိုက် https://coronavirus.jhu.edu/region/india တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly