မင်းအောင်လှိုင် လက်အောက်မှာ စစ်သားစစ်စစ် မရှိတော့ဘူး(ဆောင်းပါး)

By မြန်မာ့အောင်သံ
23 August 2021
မင်းအောင်လှိုင် လက်အောက်မှာ စစ်သားစစ်စစ် မရှိတော့ဘူး(ဆောင်းပါး)

ဩဂုတ် ၂၃

အာဏာကို ဘယ်လိုနည်းနဲ့ ရရ၊ ရယူမယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ မင်းအောင်လှိုင် လက်အောက်က အကြမ်းဖက်စစ်တပ်မှာ စစ်သား စစ်စစ် မရှိတော့ဘူးလို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် ၁၉၅၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့တဲ့ စစ်သည်တော်ကျင့်ဝတ် ၆၀ ကို လိုက်နာမှု မရှိတော့တာကြောင့် ဖြစ်ပါတယ်။

ဒီစစ်သည်တော်ကျင့်ဝတ်တွေဟာ တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေ၊ အစိုးရပြန်တမ်းတွေကနေ ကောက်နုတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် စောင့်ထိန်းရမယ့် ပညတ်ချက်တွေကို စစ်ထုတ်ပြီး ကျင့်ဝတ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အပါး ခြောက်ဆယ်သော စစ်သည်တော်ကျင့်ဝတ်

တိုင်းပြည်ကို ကာကွယ်ပြီး ပြည်သူအပေါ် ရေလို လလို ကျင့်ကြံရမယ့် စစ်သားအဖြစ် ခံယူပြီဆိုရင် လိုက်နာရမယ့် ကျင့်ဝတ်ပေါင်း ၆၀ ကို ကဏ္ဍအလိုက် ခြောက်ပိုင်းခွဲထားပါတယ်။ ပြည်သူလူထုနဲ့ ပတ်သက်ပြီး လိုက်နာရမည့် ကျင့်ဝတ် ၁၀ ပါး၊ စစ်သည်တော်တစ်ဦးချင်း လိုက်နာရမည့် ကျင့်ဝတ် ၂၀၊ လက်အောက်ငယ်သားအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ငါးပါး၊ အကြီးအကဲပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါး၊ အခြားရဲဘော်များအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးနဲ့ ရန်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ငါးပါး ဆိုပြီး ခွဲခြားထားတာ ဖြစ်ပါတယ်။

ဒီကျင့်ဝတ် ခြောက်ဆယ်ဟာ စစ်သည်တော်ကောင်းတိုင်း လိုက်နာရမယ့် အချက်တွေဖြစ်ပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ ကျင့်ဝတ်တွေလို့ ပြောရမှာကတော့ ပြည်သူအပေါ် ကျင့်ကြံရမယ့် ကျင့်ဝတ် ၁၀ ပါးနဲ့ စစ်သည်တော်တစ်ဦးချင်း လိုက်နာရမယ့် ကျင့်ဝတ် ၂၀ ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကျင့်ဝတ်တွေဟာ တပ်တွင်း အမိန့်နာခံရေး၊ စည်းရုံးမှုရှိရေးတွေအတွက် ရည်ရွယ်ပြဋ္ဌာန်းထားတာတွေ ဖြစ်ပါတယ်။

စစ်သည်တော်ကျင့်ဝတ်နဲ့ သစ္စာအဓိဋ္ဌာန်

ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်တွေကို လိုက်နာသလားဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ ဒီကျင့်ဝတ် ၁၀ ပါးမှာ လူထုအပေါ် သစ္စာစောင့်သိ ရိုသေရမယ်၊ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရမယ်၊ ပြည်သူကို ယဉ်ကျေးစွာဆက်ဆံပြီး ရေလို/လလို ကျင့်ရမည်၊ ပြည်သူ့အကျိုးစီးပွားကိုပဲ အစဉ်ဦးထိပ်ထားရမယ်၊ ပြည်သူကို လှောင်ပြောင်တာ၊ မထီမဲ့မြင်ပြုတာ၊ စော်ကားမော်ကားပြု ဆဲဆိုတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ ခြိမ်းခြောက်တာတွေ ရှောင်ကြဉ်ရမယ်။ လက်နက်အားကိုးနဲ့ အနိုင်မကျင့်ရဘူး၊ ကိုယ်နဲ့ မသက်ဆိုင်တဲ့အမှုကိစ္စတွေမှာ ဝင်မစွက်ဖက်ရဘူး၊ ပြည်သူကို ဦးစားပေးပြီး ကိုယ်က အခွင့်အရေးပိုမယူရဘူး၊ ပြည်သူအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူက ကြည်ဖြူကျေနပ်အောင် လုပ်ပေးရမယ်။ နောက်ဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ဘာသာ၊ အယူဝါ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေးစားလိုက်နာရမယ်။

စစ်သည်တော်တိုင်း လိုက်နာရမည့် ကျင့်ဝတ် ၂၀ မှာဆိုရင်လည်း ဦးဆုံးမှာ "နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေပါ" လို့ ဖော်ပြထားပါတယ်။ နိုင်ငံလို့ ဆိုတဲ့နေရာမှာ အုပ်ချုပ်သူ အစိုးရနဲ မူလအာဏာပိုင်ရှင် ပြည်သူဆိုတာ ရှိတဲ့အတွက် မူလအာဏာရှင် ပြည်သူ အပေါ်မှာ သစ္စာစောင့်သိ ရိုသေပါလို့ သွယ်ဝိုက်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်သည်တော်တိုင်း နံနက်အိပ်ရာထတိုင်း ရွတ်ဆိုရတဲ့ သစ္စာအဓိဋ္ဌာန်လေးချက်ထဲမှာ "ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်" လို့ သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ "ပြည်သူသာလျှင် အမိ ပြည်သူသာလျှင် အဖ" လို့ သတ်မှတ်ပြီး နိုင်ငံတော်နဲ့ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကျင့်ဝတ်တွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဗိုလ်နေဝင်း ဖျက်ဆီးခဲ့တဲ့ စစ်တပ်

ရဲဘော်သုံးကျိပ်ကနေ သန္ဓေတည်ခဲ့တဲ့ စစ်တပ်ဟာ ၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းကတည်းက ပျက်ဆီးခဲ့ပြီး သန္ဓေပျက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံနဲ့ နိုင်ငံသားတွေကို ကာကွယ်ရမယ့်အစား ဗိုလ်နေဝင်းရဲ့ အကျိုးစီးပွား၊ ဗိုလ်နေဝင်းမိသားစု အကျိုးစီးပွား ကို ကာကွယ်ခဲ့ကြရပါတယ်။ အာဏာရှင်စနစ်အောက်မှာ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် လူမှုရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှုကို ဆိပ်သုန်းစေခဲ့ပြီး နိုင်ငံ့မူလအာဏာရှင် လူထုကို ခေါ်ရင် သွား၊ ခိုင်းရင် လုပ်၊ ခံမပြောနဲ့ဆိုတဲ့ သတ္တဝါတွေအဆင့်အထိ လျော့ကုန်စေခဲ့ပါတယ်။

ဒီအာဏာရှင်စနစ်ကို ခေါင်းလျှိုပြီး လည်စင်းခံနေရတာဟာ ရှက်စရာဖြစ်ပြီး နိုင်ခြင်း မနိုင်ခြင်း ဆိုတာထက် ဒီစနစ်ကို ဆန့်ကျင်ဖျက်ဆီးဖို့အတွက် ဗိုလ်အုန်းကျော်မြင့်လို လူငယ်စစ်ဗိုလ်တွေဟာ တပ်တွင်းအာဏာသိမ်းမှု ပြန်လုပ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ကံဆိုးစွာပဲ အစီအစဉ် မအောင်မြင်ခဲ့တာကြောင့် ဗိုလ်နေဝင်း သက်ဆိုးရှည်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဗိုလ်နေဝင်းဟာ သူ ယုံကြည်စိတ်ချရတဲ့သူတွေကို အနားထား၊ အာဏာ စည်းစိမ်တွေနဲ့ သိမ်းသွင်းပြီး စစ်အာဏာရှင် အင်ပါယာကြီးကို ထူထောင်ခဲ့တာ ကနေ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်လက်ထက်ထိပဲ ဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံ့ကယ်တင်ရှင်၊ စစ်တပ်မရှိတော့ရင်ပဲ နိုင်ငံပျက်စီးတော့မယ်ဆိုပြီး ပြည်သူအပေါ် ထားရှိရမယ့် စစ်သည်တော်ကျင့်ဝတ်တွေ၊ စစ်သည်တော်တစ်ဦးချင်းထားရှိကျင့်သုံးရ မည့် ကျင့်ဝတ်တွေကို ဘေးချိတ်ပြီး တပ်တွင်းစစ်သည်အချင်းချင်း အထက်၊ အောက် လိုက်နာရမည့် ကျင့်ဝတ်တွေကိုချည်း သွတ်သွင်း ညွှန်ကြားပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ တပ်တွင်းမှာပါ ကျင့်သုံးခဲ့ပါတယ်။

မင်းအောင်လှိုင် လက်အောက်မှာ စစ်သားမရှိဘူး

အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ အခုဆိုရင် စစ်သားစစ်စစ်တွေ မရှိတော့ပါဘူး။ စစ်ချီ၊ စစ်ကပ်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန်၊ စစ်ဆင်၊ စစ်ဆင်ထိုးစစ် ဆိုတဲ့ စစ်ရေးဗျူဟာ ကျွမ်းကျင်ပြီး နိုင်ငံနဲ့ နိုင်ငံသားတွေကို ကာကွယ်မယ့် စစ်သားစစ်စစ်တွေ မရှိတော့ပါဘူး။ အာဏာငန်းဖမ်းပြီး စစ်အုပ်စုခေါင်းဆောင်တွေ ပေးတဲ့ အရိုးအရင်းနဲ့ ကျေနပ်နေတဲ့ လက်နက်ကိုင် စစ်ဝါဒီ အကြမ်းဖက်လက်နက်ကိုင်တွေသာ ကျန်ပါတော့တယ်။ နေ့စဉ် ဆိုနေကြ သစ္စာအဓိဋ္ဌာန်တွေ၊ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်တွေကို မေ့ပြီး လူထုကို သတ်၊ အာဏာမတ်တဲ့ လက်နက်ကိုင် လူသတ်သမားတွေသာ ကျန်ပါတော့တယ်။

မင်းအောင်လှိုင် ခေါင်းဆောင်နေတဲ့ လက်ရှိ စစ်အုပ်စုဟာ စစ်သားစစ်စစ်တွေကို မွေးထုတ်ပေးဖို့ထက် သူတို့သစ္စာခံမည့်သူတွေကိုသာ စစ်တက္ကသိုလ်ပေါင်းစုံကနေ မွေးထုတ်ဖို့ ဆက်တိုက်ကြိုးစားနေပါတယ်။ ဗိုလ်လောင်း အထီးတွေ၊ အမတွေကို ခေါ်တဲ့အပြင် တပ်ကြပ်လောက်နဲ့ နိုင်ငံခြားသွားရမယ်ဆိုပြီး အကျိုးစီးပွားတွေနဲ့ မျှားခေါ်နေပါတယ်။

နိုင်ငံနဲ့ နိုင်ငံသားကို ကာကွယ်စောင့်ရှောက် သစ္စာစောင့်သိရမယ့် စစ်သားစစ်စစ် လုပ်ချင်တဲ့ ပြည်သူတွေ ရှိပါတယ်။ သို့သော် အာဏာ သိမ်းစစ်အုပ်စုဟာ နိုင်ငံနဲ့ နိုင်ငံသားတွေထက် စစ်အုပ်စုအကျိုး၊ စစ်ခေါင်းဆောင်အကျိုးနဲ့ စစ်ခေါင်းဆောင်မိသားစုအကျိုးကိုသာ ရှေ့ရှုထားတဲ့သူတွေဆိုတာ ကောင်းကောင်းသိထားပြီးဖြစ်လို့ အာဏာလိုချင်သူတွေ၊ အရိုးအရင်းကိုက်လိုသူတွေသာ လျှောက်ထားတာတွေ ရှိပြီး စစ်သားစစ်စစ် လုပ်ချင်တဲ့ ပြည်သူတွေကတော့ ဝေရာမဏိဆိုပြီး ရှောင်ထားကြပါတယ်။ ဒီ့အစား စစ်အုပ်စုကို ရတဲ့ နည်းနဲ့ တော်လှန်မယ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ် - PDF တွေမှာ လူတွေ ပြုံတိုးကုန်တဲ့အဆင့်အထိ ဖြစ်နေပါတယ်။

တော်တည့်မှန်ကန်မှ သစ္စာစောင့်သိကြ

စစ်သည်တော်ကျင့်ဝတ်ထဲမှာ အကြီးအကဲတွေအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် ၁၀ ပါးအနက် အရေးကြီးတဲ့ ကျင့်ဝတ်တစ်ခု ပါဝင်ပါတယ်။ အဲဒါကတော့ "အကြီးအကဲများအပေါ် တော်တည့်မှန်ကန်စွာ သစ္စာစောင့်ပါ" ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အကြီးအကဲတွေကို သစ္စာစောင့်သိတဲ့အခါ တော်တည့်မှန်ကန်စွာ သစ္စာစောင့်သိဖို့ လိုတယ်ဆိုတာကို ကျင့်ဝတ်တစ်ခုအဖြစ်ပါ သတ်မှတ်ထားတာပါ။

ဗိုလ်နေဝင်းလက်ထက်မှာလည်း တပ်မတော်ကို နာမည်ဖျက်၊ ခါးပိုက်ဆောင်တပ် လုပ်ပြီး အာဏာရှင်လုပ်ခဲ့တာကြောင့် တပ်တွင်း အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေ ရှိလာသလို တပ်မတော်သားတွေ ပါဝင်တဲ့ လူထုအရေးတော်ပုံတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်အကြီးအကဲဖြစ်ပေမယ့် နိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် သစ္စာဖောက်ပြီး စစ်သည်တော်ကျင့်ဝတ် မလိုက်နာရင် စစ်သားပီသတဲ့၊ ကျင့်ဝတ်လိုက်နာတဲ့ စစ်သည်တော်တွေက လက်မခံဘူးဆိုတာ ပြခဲ့ကြတာ ဖြစ်တယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း ကျောက်စိုင်လို မယိမ်းယိုင်ရမယ့် သစ္စာအဓိဋ္ဌာန်၊ ခါးဝတ်ပုဆိုးလို ခိုင်မြဲရမယ့် ကျင့်ဝတ်ကို လိုက်နာတဲ့ လူထုဘက်သား စစ်သည်တော်တွေဟာ တော်တည့်မှန်ကန်မှုမရှိတဲ့ စစ်အုပ်စုခေါင်းဆောင်တွေရဲ့ မတရားတဲ့အမိန့်တွေကို စွန့်ခွာကုန်ပါပြီ။ နိုင်ငံနဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့ တပ်ရင်း၊ တပ်မတွေကနေ လက်နက်နဲ့အတူ ထွက်ပြေးပြီး လူထုဘက်မှာ ရပ်တည်ကုန်ကြပါပြီ။ ဒါဟာ တစ်နေရာတည်း၊ တပ်ရင်း တပ်မ တစ်ခုတည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအနှံ့က တပ်ရင်း၊ တပ်မတွေတိုင်းလိုလိုမှာ ဖြစ်နေတာ ဖြစ်ပါတယ်။

ပြည်သူဘက်ပြောင်း စစ်သားစစ်စစ်တွေဟာ စစ်သည်တော်တစ်ဦးချင်း လိုက်နာရမယ့် ကျင့်ဝတ်ထဲက "ပါးစပ်ကသာ တိုင်းပြည်ကို မချစ်ဘဲ အလုပ်ဖြင့် တိုင်းပြည်ကို ချစ်ပါ" ဆိုတဲ့ ကျင့်ဝတ်ကို စွဲစွဲမြဲမြဲကိုင်စွဲလိုက်နာပြီး စစ်ဝါဒီ ဗိုလ်မင်းအောင်လှိုင်နဲ့ လက်ပါးစေ အလိုတော်ရိတွေကို ပြည်သူနဲ့အတူ တိုက်ထုတ်ဖို့ အားထုတ်နေကြပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ် - PDF တွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုဇာတ်သိမ်းဖို့ ကြိုးစားနေကြပါပြီ။ နိုင်ငံနဲ့ နိုင်ငံသားတွေကို သစ္စာစောင့်သိတဲ့ ပြည်သူ့ဘက်သားစစ်သားစစ်စစ်တွေရဲ့ တရားသောစစ်ဟာ အောင်ကို အောင်မြင်မယ့် စစ်ပွဲဆိုတာ ယုံမှားသံသယရှိစရာ မလိုတော့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required