သမိုင်းမြို့သစ်ကို ထိခြင်းသည် CGF HTY ကို ထိခြင်းဖြစ်ကြောင်း သဘောထား‌ေကြညာချက်ထုတ်

သမိုင်းမြို့သစ်ကို ထိခြင်းသည် CGF HTY ကို ထိခြင်းဖြစ်ကြောင်း သဘောထား‌ေကြညာချက်ထုတ်

ဩဂုတ် ၂၃

ရန်ကုန်တိုင်း၊ သမိုင်းမြို့သစ် (၁) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်ဖမ်းဆီးမှုအတွက် သတင်းပေး (ဒလန်)များကို တိုက်ခိုက်သွားမည်ဟု CGF လှိုင်သာယာ အဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။

CGF HTYက အကြမ်းဖက်စစ်ကောင်၏ ယန္တရားလည်ပတ်မှုတွင် အထောက်အပံ့အဖြစ် ပါဝင်လုပ်ဆောင်ပေးနေသည့် ဒေါက်တိုင်များ၊ ဒလန်များ နှင့် ရဲများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“သမိုင်းမြို့သစ် ၁ ရပ်ကွက် တွင် ဖြစ်ပွားသော အကြမ်းဖက်စစ်ကောင်စီများ၏ အကြမ်းဖက်ပစ်ခတ်မှုတွင် သမိုင်းမြို့သစ်ကို ထိသော်လည်း မိမိ တို့ CGF HTY ကိုထိတာနဲ့ အတူတူ ဖြစ်သည်ဟု ခံစားရသည်။ သမိုင်းမြို့သစ်နှင့်အတူ ရပ်တည်သည်”ဟု Civil Guerrilla Force HTY အဖွဲ့က ထုတ်ပြန်သည်။

မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက် ရွှေဝါထွန်းလမ်းရှိ နေအိမ်တစ်ခုကို ယနေ့ (သြဂုတ် ၂၃ ရက်) နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်စစ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပစ်ခတ်မှုအပြီး နေအိမ်ပေါ်ရှိ လူလေးဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ဘုရင့်နောင်တံတားအဆင်း လှိုင်သာယာဘက်ခြမ်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တချို့ ထိခိုက်သေဆုံးမှုဖြစ်ပွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် သမိုင်းမြို့သစ် (၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly