အီရန်မှာ တစ်နိုင်ငံလုံး ကိုဗစ်ကန့်သတ်ချက် ရုပ်သိမ်းလိုက်ချိန် တစ်နေ့တာ သေဆုံးသူ အမြင့်ဆုံး ရောက် 

အီရန်မှာ တစ်နိုင်ငံလုံး ကိုဗစ်ကန့်သတ်ချက် ရုပ်သိမ်းလိုက်ချိန် တစ်နေ့တာ သေဆုံးသူ အမြင့်ဆုံး ရောက် 
Photo - AFP

ဩဂုတ် ၂၃

အီရန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ချမှတ်ပြဋ္ဌာန်းထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်တဲ့နောက်မှာ ကိုဗစ်-၁၉ ကြောင့် တစ်နေ့တာ သေဆုံးသူဦးရေဟာ ပထမဆုံးအကြိမ်အဖြစ် ၆၀၀ ကျော် ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၆၈၄ ဦး ရှိတာကြောင့် စုစုပေါင်း သေဆုံးသူဦးရေ ၁၀၂၀၃၈ ဦးရှိသွားပြီးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

အီရန်နိုင်ငံအနေနဲ့ ကူးစက်သူအသစ် ၃၆၄၁၉ ဦး ရှိခဲ့တာကြောင့် ကပ်ဘေးစတင်ချိန်ကစလို့ စုစုပေါင်း ကူးစက်ဖြစ်ပွားသူဦးရေ ၄၆၇၇၁၁၄ ဦးအထိ ရှိနေပြီလည်း ဖြစ်ပါတယ်။ 

အမှန် သေဆုံးနှုန်းနဲ့ ကူးစက်နှုန်းဟာ ဝန်ကြီးဌာနရဲ့ စာရင်းထက် ပိုလွန်နိုင်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနက ဝန်ခံထားတဲ့တိုင်အောင် ထုတ်ပြန်ထားတဲ့ နှုန်းထားအရကိုပဲ အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ အဆိုးဝါးဆုံး ကိုရိုနာကပ်ဘေး ခံစားကြုံတွေ့နေရတဲ့ နိုင်ငံဖြစ်နေပါတယ်။ 

အစိုးရရုံးဌာနတွေ၊ ဘဏ်တွေနဲ့ မရှိမဖြစ်မဟုတ်တဲ့ ဈေးဆိုင်လုပ်ငန်းတွေ ပိတ်ခိုင်းတာအပါအဝင် ခြောက်ရက်တာ ကန့်သတ်လုပ်ငန်းစဉ်တွေဟာ စနေနေ့မှာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ပြည်နယ်များကြား အများပြည်သူ သွားလာရေးယာဉ်တွေကိုတော့ ဩဂုတ် ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံး တားမြစ်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ 

အီရန်ဟာ ၈၃ သန်းသော နိုင်ငံလူဦးရေအပေါ် အပြည့်အဝ လော့ဒေါင်း ချတာကို ရှောင်ကြဉ်ပြီး ယာယီခရီးသွားခွင့် ပိတ်တာ၊ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပိတ်စေတာတွေလို ကွက်ကြားကန့်သတ်ပိတ်ပင်ချက်တွေကို ပြန်လည်ကျင့်သုံးလာတာပဲ ဖြစ်ပါတယ်။ 

ဇွန်လကစလို့ နိုင်ငံမှာ တာဝန်ရှိသူတွေက ‘ပဥ္စမလှိုင်း’ လို့ဆိုတဲ့ အဆိုးဝါးဆုံး ဖြစ်တဲ့ ကူးစက်ဖြစ်ပွားမှု မြင့်တက်တာနဲ့ ကြုံရပြီး ကူးစက်မှု ပိုပြီး မြန်ဆန်တဲ့ Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကြောင့်လို့ အများစုက အပြစ်ဆိုကြပါတယ်။ 

အဲဒီ ဇွန်လအတွင်းမှာပဲ နေ့စဉ် သေဆုံးနှုန်းနဲ့ ကူးစက်နှုန်းဟာ အချိန်တစ်ချို့မှာ စံချိန်တင်မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလကစလို့ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် အာဏာပိုင်တွေ စီစဉ်ထားသလောက် လုပ်ငန်းစဉ် မြန်ဆန်မှု မရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ပြည်ပဆီ ငွေလွှဲဖို့ အခက်အခဲရှိနေပြီး ကာကွယ်ဆေး တင်သွင်းရေး ရုန်းကန်နေရတယ်လို့ အီရန်နိုင်ငံက ပြောထားပါတယ်။ 

ကာကွယ်ဆေး ပထမအလုံး ထိုးနှံပြီးသူ ၁၆ ဒသမ ၇ သန်း ရှိပေမယ့် ဒုတိယအလုံး ထိုးနှံပြီးသူက ၅ ဒသမ ၈ သန်းပဲ ရှိသေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly