ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ပထမဆုံးပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို ကိုယ်တိုင် ထိုးနှံခံ

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ပထမဆုံးပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို ကိုယ်တိုင် ထိုးနှံခံ

ဩဂုတ် ၂၃

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ သြဂုတ် ၂၃ ရက်က ထိုင်ဝမ်ရဲ့ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Medigen ကို ကိုယ်တိုင် ထိုးနှံခံယူခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်မှာ အဆိုပါ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို ဖြန့်ကျက် အသုံးပြုဖို့ စတင်နေချိန် အဆိုပါ ကာကွယ်ဆေးကို သမ္မတ ဆိုင်အင်ဝမ်က သူမကိုယ်တိုင် ထိုးနှံခံပြပြီး ထောက်ခံအတည်ပြုမှု ပေးခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်းပဲ အဆိုပါ ထိုင်ဝမ်ပြည်တွင်းထုတ် ကာကွယ်‌ဆေးကို အတည်ပြုမှုက တက်သုတ်ရိုက် အလျင်စလိုနိုင်လွန်းတယ်ဆိုပြီး ဝေဖန်သူတွေက ပြောဆိုနေခဲ့ကြပါတယ်။

Medigen Vaccine Biologics Corp ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဖို့အတွက် ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပါတယ်။ ဒါဟာဆိုရင် ထိုင်ဝမ်ရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ပြည်တွင်းမှာပဲ လုံလုံလောက်လောက် လုပ်ဆောင်နိုင်ရေး ကျယ်ပြန့်တဲ့ အစီအစဥ်ရဲ့ တစိတ်တဒေသလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ဆေးဝါးကုမ္ပဏီတွေဆီကနေ ကာကွယ်ဆေးပေးပို့ဖြန့်ချိမှုပိုင်း နှောင့်နှေးကြန့်ကြာနေမှုတွေက ထိုင်ဝမ်နဲ့ အခြားနိုင်ငံအများအပြားအပေါ် ထိခိုက်သက်ရောက်ထားစေခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ Moderna Inc ဒါမှမဟုတ် AstraZeneca Plc တို့ရဲ့ ကာကွယ်ဆေးတွေကို အသုံးပြုထိုးနှံခံထားခဲ့ခြင်းမရှိဘဲ စောင့်ဆိုင်းနေခဲ့တဲ့ သမ္မတ ဆိုင်ဟာ ယခုအခါမှာ တိုင်ပေမြို့လယ်က ဆေးရုံတစ်ခုမှာ ပြည်တွင်းဖြစ် Medigen ကာကွယ်ဆေးကို ထိုးနှံခံယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ အဆိုပါပြည်တွင်းထုတ် ကာကွယ်ဆေးရဲ့ ဘေးကင်းမှုကို သူမအနေနဲ့ ယုံကြည်စိတ်ချမှု ရှိတယ်ဆိုတာကို ဆိုင်က ပြသတာလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံခံယူစဥ် ဆိုင်ဟာ ဆေးဘက်ဝန်ထမ်းတွေနဲ့ စကားစမြည် ပြောနေခဲ့ပြီး သူမရဲ့ ကာကွယ်ဆေးထိုးနှံခံမှုလုပ်ငန်းစဥ်တစ်ခုလုံးကို ဖေ့ဘွတ် ပေ့ချ်ကနေ ပြသနေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမ စိတ်လှုပ်ရှားနေသလား ဆိုပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သူမက “နိုး” ဆိုပြီး ခပ်တိုတိုပဲ အဖြေပေးခဲ့ပါတယ်။

နှာခေါင်းစည်းတွေလိုမျိုး အခြေခံ ပစ္စည်းတွေ လိုအပ်မှုတွေ ရှိခဲ့တဲ့ ယမန်နှစ် ကပ်ရောဂါ ကနဦးအတွေ့အကြုံတွေကြောင့် ၎င်းတို့အနေနဲ့ အရေးကြီးတဲ့ ဆေးဘက်ပစ္စည်းတွေကို မိမိတို့ဘာသာ မှီခိုအားပြုနိုင်စွမ်းရှိရမယ်ဆိုတာကို နားလည်သိရှိခဲ့တယ်လို့ ထိုင်ဝမ် အစိုးရက ပြောပါတယ်။

ယခု ပြည်တွင်းထုတ် Medigen ကာကွယ်ဆေးဟာ ဘေးကင်းမှု မရှိကြောင်းနဲ့ ယင်းကို အလောတကြီးနဲ့ စျေးကွက်ထဲ ပို့ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပယ်ချထားပြီး ယင်းကာကွယ်ဆေးဟာ ထိရောက်မှု ရှိသလို ကောင်းကောင်းစမ်းသပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ စမ်းသပ်မှု အများကြီး လုပ်ထားပါတယ်၊ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေး ဘယ်လောက် ဘေးကင်းစိတ်ချရသလဲဆိုတာကို လူတိုင်း တွေ့မြင်ထားပါတယ်၊ ဘေးထွက်ဆိုးကျိုး အနည်းအကျဥ်းတော့ ရှိပါတယ်၊ ဖျားနာမှုကတော့ လုံးဝ မရှိသလောက် ပါပဲ၊ ဒီတော့ အားလုံး စိတ်ချလက်ချ ရှိနေနိုင်မယ်လို့ ထင်ပါတယ်” လို့ Medigen ရဲ့ အမှုဆောင်အရာရှိချုပ် ချားလ်စ် ချန်က ပြောပါတယ်။

အဆိုပါ ကာကွယ်ဆေးကိုတော့ အမေရိကန် အမျိုးသားကျန်းမာရေး အင်စတီကျူ့နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး ထိုင်ဝမ်အစိုးရဟာ ယင်းကာကွယ်ဆေး အလုံးရေ ငါးသန်းကို ကနဦး မှာယူထားပါတယ်။ ဒါကို ထိုးနှံခံဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ် ခိုင်းစေမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ထို ကာကွယ်ဆေးဟာ လက်ရှိအချိန်အထိ လက်တွေ့စမ်းသပ်မှုတွေ မပြီးစီးသေးသလို ထိရောက်မှု အတိုင်းအတာဆိုင်ရာ ဒေတာအချက်အလက်တွေလည်း ထွက်မလာ‌သေးပါဘူး၊ ဒါပေမယ့် လက်ရှိအချိန်အထိ လေ့လာချက်တွေအရ ယင်းကာကွယ်ဆေးကြောင့် ပဋိပစ္စည်း ထွက်ရှိမှုဟာ AstraZeneca ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်တဲ့ ပဋိပစ္စည်းထွက်ရှိမှုနဲ့ သိပ်မကွာဘူးလို့ အစိုးရက ပြောပါတယ်။

ထိုင်ဝမ်ရဲ့ အဓိက အတိုက်အခံ ကူမင်တန် ပါတီကတော့ ဒီကာကွယ်ဆေးထိုးနှံမှုအပေါ် အပြင်းအထန် ဆန့်ကျင်နေခဲ့ပြီး ယင်းရဲ့ ဒုဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တဲ့ ဟောင်လန်ဘင်က အဆိုပါ Medigen ကာကွယ်ဆေး အတည်ပြုမှုကို တရားမဝင် ဖြစ်စေဖို့ ဥပဒေကြောင်းအရ စွဲဆိုခဲ့ပါသေးတယ်။ ဒါပေမယ့်ကို ယင်းကို တရားရုံးတစ်ခုက ပြီးခဲ့တဲ့အပတ်က ပယ်ချခဲ့ပါတယ်။

ယင်း ပါတီက ပြောကြားရာမှာ ယင်းအနေနဲ့ ပြည်တွင်း ကာကွယ်‌ဆေးတွေကို ထောက်ခံကြောင်း ၊ ဒါပေမယ့် ယခု Medigen ကာကွယ်ဆေးကို အတည်ပြုမှုကတော့ အလျင်စလိုနိုင်လှတယ်လို့ ပြောခဲ့ပါတယ်။

ထိုင်ဝမ်မှာ လူဦးရေ ၂၃ ဒသမ ၅ သန်းရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ AstraZeneca သို့မဟုတ် Moderna ကာကွယ်ဆေးတို့အနက် တစ်မျိုးမျိုးကို အနည်းဆုံး တစ်ကြိမ် ထိုးနှံခံထားပြီး ဖြစ်ကာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံခံထားသူလူဦးရေဟာ ၅ ရာခိုင်နှုန်းသာသာပဲ ရှိသေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly