အမေရိကန် တန်နက်ဆီပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၂၁ ဦး သေဆုံး

အမေရိကန် တန်နက်ဆီပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၂၁ ဦး သေဆုံး
Photo - AFP

ဩဂုတ် ၂၃

အမေရိကန်တောင်ပိုင်း တန်နက်ဆီပြည်နယ်မှာ ဆိုးရွားပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။

ယင်းက သြဂုတ် ၂၂ ရက်အထိ ကနဦး ထုတ်ပြန်ထားနိုင်တဲ့ အရေအတွက် ဖြစ်တယ်လို့လည်း ၎င်းတို့က သတိပေးခဲ့ပါတယ်။

တန်နက်ဆီပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်က မိုးလေဝသပညာရှင်တွေအဆိုအရ သမိုင်းဝင် ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ရေကြီးမှုဒဏ် တွေ့ကြုံခဲ့ရပြီး မိုးရေချိန် ၁၅ လက်မ နဲ့အထက် မိုးရွာသွန်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသ လမ်းတွေ၊ ပြည်နယ် အမြန်လမ်းမကြီးတွေနဲ့ တံတားတွေ ရေလွှမ်းခံခဲ့ရပြီး လူပေါင်းထောင်နဲ့ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဟမ်ဖရေးစ် ကောင်တီ ဝေ့ဗာလီမြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၂၀ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဂရန့်တ် ဂီလက်စ်ပိုင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ဟမ်ဖရေးစ် ကောင်တီကတော့ ကန်းထရီးဂီတအချက်အချာ နက်ရှ်ဗီးလ်မြို့ကနေ မိနစ် ၉၀ ခန့် ကားမောင်းသွားရင် ရောက်နိုင်ပါတယ်။

အခြား ဒေသဧရိယာတစ်ခုမှာလည်း လူတစ်ဦး သေဆုံးကြောင်း ဂီလက်စ်ပိုင်က ပြောပါတယ်။

ကနဦးက လူ ၄၀ ဦး ခန့် ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ခဲ့ပြီး ယင်းနောက် မွန်းလွဲပိုင်းမှာတော့ ပျောက်ဆုံးသူစာရင်းမှာ ဦးရေ တစ်ဝက် လျော့ကျသွားခဲ့ပါတယ်။ “အဲဒီ စာရင်းက ပျောက်ဆုံးနေသူအားလုံးကို ရှာတွေ့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဂီလက်စ်ပိုင်က ပြောပါတယ်။

ဝေ့ဗာလီမြို့က တာဝန်ရှိသူတွေကတော့ ၎င်းတို့ကြုံတွေ့ခဲ့ရတဲ့ မကြံစဖူး ပြင်းထန်တဲ့ မုန်တိုင်းကို ဟာရီကိန်း ဒါမှမဟုတ် လေဆင်နှာမောင်းတစ်ခုနဲ့ ခိုင်းနှိုင်းခဲ့ပြီး ရေလယ်ဗယ်ဟာ အလျင်အမြန် တက်ခဲ့ပြီး လူတစ်ချို့ဆိုရင် ဘေးလွတ်ရာ ထွက်‌ပြေးတိမ်းရှောင်နိုင်ခြင်းတောင် မရှိခဲ့ဘူးလို့ သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ သြဂုတ် ၂၂ ရက်မှာ ဆက်လက်လုပ်ဆောင်နေခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ ထိခိုက်ခံစားရသူတွေ ဒါမှမဟုတ် အကူအညီလိုအပ်သူတွေကို ကူညီနိုင်ဖို့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေခဲ့ကြပါတယ်။

ခုလို တန်နက်ဆီပြည်နယ်မှာ ရေကြီးမှုတွေအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် အလွန် ထိခိုက်ဝမ်းနည်းရကြောင်းနဲ့ လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးသွားမှာဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly