ကဘူးလ်လေဆိပ်အနီး ဖရိုဖရဲအခြေအနေများအတွင်း လူ ၇ ဦးသေဆုံးဟု ယူကေ ပြော

ကဘူးလ်လေဆိပ်အနီး ဖရိုဖရဲအခြေအနေများအတွင်း လူ ၇ ဦးသေဆုံးဟု ယူကေ ပြော
Photo - AFP

ဩဂုတ် ၂၂

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး ဖြစ်ပွားခဲ့သည့် ဖရိုဖရဲအခြေအနေများအတွင်း အာဖဂန်အရပ်သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗြိတိန်က သြဂုတ် ၂၂ ရက်တွင် ပြောသည်။

ယင်းနိုင်ငံကနေ လူအများအပြားကို ရွှေ့ပြောင်းကယ်ထုတ်မှု အပြီးသတ်လုပ်ဆောင်ခွင့်ရရန် ဝါရှင်တန်၏ သြဂုတ် ၃၁ ရက် အပြီးသတ်နောက်ဆုံးအချိန်သတ်မှတ်မှုကို အချိန်ကာလ ဆက်တိုးထားရေးအတွက် ထောက်ခံကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ခဲ့သည်။

လက်ရှိအချိန်တွင် တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်သည့် အာဖဂန်နစ္စတန်ကနေ ထွက်ပြေးရန် ကြိုးပမ်းနေသော ထောင်နှင့်ချီသည့် နိုင်ငံခြားသားများနှင့် အာဖဂန်များကို အလျင်မီအောင် ရွှေ့ပြောင်းကယ်ဆယ်ပေးနိုင်ရန်အတွက် အမေရိကန်နှင့် ယင်း၏ မဟာမိတ်များ ရုန်းကန်ကြိုးပမ်းနေရသည်။

“ကဘူးလ်မြို့မှာ လူအုပ်ထဲမှာ ဝမ်းနည်းဖွယ် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ အာဖဂန်အရပ်သား ခုနစ်ယောက်အတွက် မိသားစုနဲ့ ထပ်တူ မိမိတို့ ထိခိုက်ခံစားမိပါတယ်” ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ၎င်းက ပြောခဲ့ခြင်း မရှိပေ။

ဗြိတိန်၏ Sky News ကလည်း ကဘူးလ်လေဆိပ်အပြင်ဘက်တွင် အဖြူရောင် တာပေါ်လင်စများဖြင့် လွှမ်းထားသည့် အလောင်းသုံးလောင်းထက်မနည်း ရှိနေသည့် ဗီဒီယိုတစ်ခုကို သြဂုတ် ၂၁ ရက်က ထုတ်လွှင့်ခဲ့သည်။

လေဆိပ်တွင် ရှိနေခဲ့သည့် Sky သတင်းထောက် စတူးအာ့တ် ရမ်ဆေးက လူအုပ်စု တစ်စု၏ အရှေ့ဘက်တွင် ရှိနေသူများမှာ လူနင်းခံထားခဲ့ရပြီး အခြားသူများမှာ ရေဓာတ်ကုန်ခန်းမှုနှင့် ကြောက်လန့်တကြားဖြစ်မှုများ ခံစားခဲ့ကြရကြောင်း ပြောခဲ့သည်။

“တကယ့် မြေပြင်က အခြေအနေတွေက ဆက်ပြီးတော့ အလွန်တရာ စိန်ခေါ်မှုတွေနဲ့ ရှိနေဆဲဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အခြေအနေတွေကို အတတ်နိုင်ဆုံး ဘေးကင်း လုံခြုံစွာနဲ့ စီမံနိုင်ဖို့ လုပ်ဆောင်ပေးနေပါတယ်” ဟု ဗြိတိန်ကာကွယ်‌ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယူကေအ‌နေဖြင့် သြဂုတ် ၁၃ ရက်နောက်ပိုင်း အာဖဂန်နစ္စတန်ကနေ လူပေါင်း ၄,၀၀၀ နီးပါးကို ရွှေ့ပြောင်းကယ်ထုတ်ပေးထားကြောင်း ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

ကယ်ဆယ်ရေး မစ်ရှင်များကို အပြီးသတ်နိုင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သြဂုတ် ၃၁ ရက် အပြီးသတ်နောက်ဆုံးသတ်မှတ်ရက်နှင့်ပတ်သက်ပြီး ပိုမို ပြုလွယ်ပြောင်းလွယ် ရှိစေရေးအတွက် ဝါရှင်တန်ကို ပန်ကြားထားသည့် ထုတ်ပြန်ချက်တစ်စောင်ကို ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့က ထုတ်ပြန်ထားခဲ့သည်။

“တကယ်လို့ အမေရိကန်ရဲ့ အချိန်ဇယားက ဒီတိုင်း ဆက်ရှိနေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အာဖဂန်ကနေ ထွက်ဖို့ စောင့်နေတဲ့ လူအများစုကို ခေါ်ထုတ်ဖို့ အချိန်အင်မတန် နည်းနေပါလိမ့်မယ်” ဟု ၎င်းက ရေးသားခဲ့သည်။

“ဖြစ်ကောင်းဖြစ်နိုင်တာက အမေရိကန်တွေကို ပိုကြာကြာ ဆက်နေခွင့်ပြုပြီး အဲဒီလို ဆိုရင် ကျွန်တော်တို့ကို အပြည့်အဝ ထောက်ကူသလိုဖြစ်မှာဖြစ်ပါတယ်”

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း လေကြောင်းဖြင့် ရွှေ့ပြောင်းကယ်ထုတ်မှုများအတွက် နောက်ဆုံးအပြီးသတ်ရက်သတ်မှတ်ချက်ကို ထပ်မံတိုးချဲ့နိုင်ကြောင်း ပြောထားခဲ့သည်။ “ကျွန်တော်တို့ အဲဒီမတိုင်မီ အပြီးလုပ်နိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ချင့်ချိန်ဆုံးဖြတ်မှုတွေ လုပ်သွားဖို့လည်း ရှိပါတယ်” ဟု ဘိုင်ဒင်က သြဂုတ် ၂၀ ရက်က ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly