အိန္ဒိယ Bharat Biotech က ကိုဗစ်-၁၉ ကာကွယ်ဆေး တိုးမြှင့်ထုတ်လုပ်ရန် စက်ရုံအား ပြန်လည်ပြုပြင်

အိန္ဒိယ Bharat Biotech က ကိုဗစ်-၁၉ ကာကွယ်ဆေး တိုးမြှင့်ထုတ်လုပ်ရန် စက်ရုံအား ပြန်လည်ပြုပြင်

အိန္ဒိယဇီဝနည်းပညာကုမ္ပဏီ Bharat Biotech သည် ဂူဂျရတ်ပြည်နယ်၊ အန်ခယ်ချ်ဝါမြို့ရှိ Chiron Behring ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သည့် စက်ရုံကို ပြန်လည်အဆင့်မြင့်ပြီး ကိုဗစ်ကာကွယ်ဆေး Covaxin ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းနှင့် နီးစပ်သူများက ဆိုသည်။

Chiron Behring စက်ရုံကို ၁၉၈၀ ပြည့်နှစ်များတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများထုတ်လုပ်ရန် တည်ထောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Bharat Biotech က အဓိက ဆေးဝါးထုတ်လုပ်သော GlaxoSmithkline ထံမှ ဝယ်ယူခဲ့သည်။

“ ဂူဂျရတ်ပြည်နယ်၊ အန်ခယ်ချ်ဝါမြို့ရှိ စက်ရုံကနေ Covaxinထုတ်လုပ်ဖို့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ လတွေကတည်းက ကြိုတင်စီစဉ်ပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စက်ရုံပြင်ဆင်မှုတွေနဲ့ ထုတ်လုပ်ရေးတွက် ပြင်ဆင်မှုလုပ်ငန်းတွေကို ဇွန်လမှာ စတင်ခဲ့ပါတယ်။ စက်တင်ဘာလမှာ ကာကွယ်ဆေးတွေကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်” ဟု ယင်းကိစ္စနှင့် နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

အန်ခယ်ချ်ဝါမြို့ရှိ Bharat Biotech စက်ရုံမှ Covaxin ထုတ်လုပ်ရန် အတည်ပြုခဲ့ကြောင်း စင်တာက သြဂုတ်လ ၁၇ ရက်တွင် ကြေညာခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ SabkoVaccineMuft ကာကွယ်ဆေးအစီအစဉ်ကို ကြေညာပြီးနောက် အန်ခယ်ချ်ဝါမြို့ရှိ Bharat Biotech စက်ရုံမှ Covaxin ထုတ်လုပ်မည့် စက်ရုံအား အိန္ဒိယအစိုးရက ခွင့်ပြုချက်ပေးခဲ့သည်။

“ ဒါက ကာကွယ်ဆေးရရှိမှုကို မြင့်တက်စေသလို ကမ္ဘာအများဆုံး ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင်ပေးပါလိမ့်မယ်” ဟု ပြည်ထောင်စုကျန်းမာရေးဝန်ကြီး မန်ဒါဗီယာက တွစ်တာတွင် ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly