တရုတ်ကနေ ရောက်လာသည့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းကတ်ပြားအတုများ အမေရိကန် အကောက်ခွန်က သိမ်းဆည်းရမိ

တရုတ်ကနေ ရောက်လာသည့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းကတ်ပြားအတုများ အမေရိကန် အကောက်ခွန်က သိမ်းဆည်းရမိ

အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (CBP) သည် မကြာသေးခင်က တရုတ်ကနေ ရောက်လာသည့် ပို့ကုန်တစ်ခုအပါအဝင် ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံသို့ ရောက်လာသည့် ကုန်စည်များထဲတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ကတ်ပြားအတု (ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း ပြသသည့် မှတ်တမ်းကတ်ပြားအတု) ထောင်နှင့်ချီကို သိမ်းဆည်းရရှိခဲ့သည်။

မမ်းဖစ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် CBP အရာရှိများသည် တရုတ်၊ ရှန်ကျန်းကနေ အမေရိကန် နယူးအော်လင်းစ်သို့ ပို့ဆောင်မည့် “အရည်အသွေးနိမ့်” ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကတ်ပြားအတု ၅၁ ခုကို ရှာတွေ့ခဲ့ကြောင်း အေဂျင်စီက သြဂုတ် ၁၃ ရက်က ပြောသည်။ ယင်းသည် မတူညီသော မြို့များသို့ ဦးတည်သွားမည့် ကုန်စည် ၁၅ ခုအနက် တစ်ညတည်းအတွင်း တွေ့ရှိခဲ့သည့် ပို့ကုန်တစ်ခုပင် ဖြစ်ကြောင်း သိရသည်။

အေဂျင်စီ၏ အဆိုအရ ထိုကတ်ပြားများတွင် အမည်၊ မွေးသက္ကရာဇ်၊ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီအမည်၊ ပစ္စည်း အစုအတွဲနံပါတ် နှင့် ကာကွယ်ဆေးကို မည်သည့်နေရာတွင် ထိုးနှံသည် ဆိုသည်တို့အတွက် ဖြည့်ရန် နေရာလွတ်များ ရှိကြောင်း အေဂျင်စီက ပြောသည်။ ယခုဖြစ်စဉ်တွင် ထိုကတ်ပြားများသည် အရည်အသွေးမကောင်းကြောင်းနှင့် ကျောဘက်တွင် စာစီစာရိုက်အမှားများ၊ မပြီးသေးသည့် စာလုံးများနှင့် စပိန်ဘာသာဖြင့် စာလုံးပေါင်းမှားမှုများ ရှိနေကြောင်း သိရသည်။

၂၀၂၀ အောက်တိုဘာက စတင်ခဲ့သည့် ယခု ဘဏ္ဍာနှစ်တွင် မမ်းဖစ်မြို့ တစ်မြို့တည်းမှာပင် လုပ်ဆောင်ခဲ့သည့် သိမ်းယူရရှိမှု ၁၂၁ ခုတွင် ထိုကဲ့သို့ ကတ်ပြားအရေအတွက် စုစုပေါင်း ၃,၀၁၇ ကတ်အထိ သိမ်းဆည်းရရှိခဲ့သည်။ ကာကွယ်ဆေးထိုးကတ်ပြားအတုများ ဝယ်ရန် စဥ်းစားနေသူများအတွက်လည်း CBP ထံတွင် သတင်းစကားတစ်ခု ရှိနေသည်။

“ဒီ ကာကွယ်ဆေးထိုးမှုတွေက အခမဲ့ဖြစ်ပြီး နေရာတိုင်းမှာ ရရှိနိုင်ပါတယ်” ဟု မမ်းဖစ်မြို့၏ ဧရိယာဆိပ်ကမ်း ညွှန်ကြားရေးမှူး မိုက်ကယ် နေးပါ့တ်က ထုတ်ပြန်ပြောဆိုသည်။ “ကာကွယ်ဆေး ထိုးဖို့ ခင်ဗျား ဆန္ဒမရှိဘူးဆိုတာမျိုးက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်၊ ဒါပေမယ့် ပစ္စည်းအတုတစ်ခုကိုတော့ မမှာယူကြပါနဲ့၊ ကျွန်တော့် ဝန်ထမ်းတွေရဲ့ အချိန်ကို မဖြုန်းတီးကြပါနဲ့၊ ဥပဒေကို မချိုးဖောက်ပါနဲ့၊ ခင်‌ဗျားတို့ ကိုယ့်ကိုယ်ကိုယ် လွဲမှားစွာ မဖော်ပြပါနဲ့” ဟု ၎င်းက ပြောခဲ့သည်။

“မမ်းဖစ်မြို့က CBP အမှုထမ်းတွေကတော့ ပစ္စည်းအတုတွေ တရားမဝင်တင်သွင်းတာကို တားဆီးဖို့နဲ့ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို အကာအကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်၊ ဒါပေမယ့် တကယ်လို့ ခင်‌ဗျားက ကာကွယ်ဆေးထိုးကတ်ပြားအတုတွေ အော်ဒါမှာတဲ့အခါမှာ ဒါဟာ ကျွန်တော့်၀န်ထမ်းတွေရဲ့ အချိန်ကို ဖြုန်းလိုက်သလိုပါပဲ၊ သူတို့ဟာ မူးယစ်ဆေးတွေကိုလည်း ဖမ်းဖို့ လုပ်နေကြရတယ်လေ” ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန်တွင် နေရာအချို့ သို့မဟုတ် လုပ်ငန်းများသို့ ဝင်‌ရောက်ခွင့်အတွက် ကာကွယ်ဆေးထိုးနှံမှုခံယူထားပြီးဖြစ်ရန် သတ်မှတ်ချက်ကို ဖော်ဆောင် သို့မဟုတ် ဖော်ဆောင်ရန် စဉ်စားလျက်ရှိစဉ် ကာကွယ်ဆေးထိုးထားပြီးကြောင်း ပြသသည့် အထောက်အထားကတ်ပြားများကို အချက်အလက် အတည်ပြုမှုနည်းလမ်းတစ်ခုအဖြစ် အသုံးပြုရန်လုပ်ဆောင်နေချိန် ယခုကဲ့သို့ ပစ္စည်းတုများ သိမ်းဆည်းရမိမှုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းက eBay တွင် အစစ်အမှန် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကတ်ပြား ဒါဇင်နှင့်ချီကို ရောင်းချခြင်းအားဖြင့် ဒေါ်လာ ၁,၂၀၀ ကျော် အိပ်ထဲထည့်ခဲ့သည်ဆိုသော ချီကာဂို ဆေးဝါးကျွမ်းကျင်သူတစ်ဦး သြဂုတ် ၁၀ ရက်က ဖမ်းဆီးခံခဲ့ရသည်။

အသက် ၃၄ နှစ်ရှိ တန်တန်ကျောင်ဆိုသူကို အစိုးရပစ္စည်း ခိုးယူမှု စွဲချက် ၁၂ ခုဖြင့် စွဲဆိုထားခဲ့သည်။

“ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကတ်ပြားတွေကို ခိုးယူမှုနဲ့ ရောင်းချမှုဆိုတာ လက်ခံနိုင်စရာ မရှိသလို အဲဒီအပေါ်မှာ သည်းခံသွားဖို့လည်း မရှိပါဘူး” ဟု အမေရိကန် ကျန်းမာ‌ရေးနှင့် လူသားဝန်ဆောင်မှုဌာနမှ တာဝန်ခံအထူးအေးဂျင့်ဖြစ်သည့် လာမွန့်တ် ပူရှ်က ပြောခဲ့သည်။ “ဒီလိုမျိုး ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေမှာ ပါ၀င်ပတ်သက်ပြီး လိမ်လည်သူတွေဟာ ကပ်ရောဂါ တားဆီးရေး ကြိုးပမ်း အားထုတ်မှုတွေကို ထိခိုက်စေသလို အများပြည်သူကို ထိခိုက်စေပြီး အကျိုးအမြတ် ရှာသူတွေပဲ ဖြစ်ပါတယ်” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required