မွန်တော်လှန်ရေးနေ့တွင် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးဝိုင်းဝန်း ကြိုးစားရန် NUG တိုက်တွန်း

မွန်တော်လှန်ရေးနေ့တွင် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးဝိုင်းဝန်း ကြိုးစားရန် NUG တိုက်တွန်း

ဩဂုတ် ၂၂

စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်သည်အထိ မွန်ပြည်သူများနှင့် တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

ယနေ့( ဩဂုတ်၂၂ ရက်)တွင်ကျရောက်သည့် (၇၄)နှစ်မြောက် မွန်တော်လှန်ရေးနေ့အတွက် NUGက ပေးပို့သောသဝဏ်လွှာတွင် ယင်းကဲ့သို့ တိုက်တွန်းရေးသားထားခြင်းဖြစ်သည်။

တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသည့် မွန်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ကြောင်းနှင့် မွန်လူမျိုးများ၏ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်စေဖို့ NUGက ဆန္ဒပြုထားသည်။

“ခေတ်သစ် မွန်လက်နက်ကိုင်တပ်” ကို နိုင်ပန်းသာ၊ နိုင်အောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ် လူငယ် (၂၇)ဦးတို့မှ ဦးဆောင်ပြီး ဇာသပြင်ကျေးရွာ၌ သန္ဓေတည်၍ “မွန်လက်နက်ကိုင် တော်လှန်ရေး” ကို စတင်ခဲ့ကြသည့် ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇူလှိုင် (၂၀) ရက်၊ နံနက် ၆နာရီခွဲ(မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့)အချိန်ကို ဂုဏ်ပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။

၁၉၄၈ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် မွန်၊ရခိုင် နှင့် ကရင်စသည့် တိုင်းရင်းသားများအတွက် နေထိုင်ရာ သီးခြားပြည်နယ် သတ်မှတ်ဖော်ထုတ်ပေးရန်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် “ခေတ်သစ် မွန်လက်နက်ကိုင်တပ်”ကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

ပုံစာ - ၂၀၀၇ ခုနှစ် မွန်တော်လှန်ရေးနေ့ စစ်ရေးပြအခန်းအနား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly