အောင်ဘာလေထီလုပ်ငန်းအား အပြီးတိုင်ဖျက်သိမ်းကြောင်း NUG ကြေညာ

အောင်ဘာလေထီလုပ်ငန်းအား အပြီးတိုင်ဖျက်သိမ်းကြောင်း NUG ကြေညာ

ဩဂုတ် ၂၂

အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက သြဂုတ် ၂၁ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

အပြီးတိုင် ဖျက်သိမ်းလိုက်သည့်အတွက် လက်ကားဝယ်ကာ ပြန်လည်ရောင်းချနေ‌သော ထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို ဝယ်ယူ၊ ရောင်းချ၊ဖြန့်ဖြူးခြင်း မပြုကြရန် သတိပေး တားမြစ်ထားသည်။

ထုတ်ပြန်ချက်တွင် လောင်းကစားဥပဒေအား ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေကို သြဂုတ် ၆ ရက်က ပြည်ထောင်စုဥပဒေ အမှတ်( ၅ )ဖြင့် အတည်ပြု ပြဌာန်းခဲ့သည်ဟု ပါဝင်သည်။ ယင်း ပြင်ဆင်ပြဌာန်းသည့် ဥပဒေ၏ ပုဒ်မ (၂ ) ပုဒ်မခွဲ(ည)တွင် ထီ ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ဘဏ္ဍာရေး နှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန က ဖွင့်လှစ်သည့် အောင်လံလွှင့်ချီ နွေဦးထီကိုသာ ဆိုလိုကြောင်း ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် လောင်းကစားလုပ်ငန်းဖြစ်သည့် အောင်ဘာလေ ထီလက်မှတ်များအား ထီလုပ်ငန်းရှင်များက ဝယ်ယူရောင်းချ ဖြန့်ဖြူးခြင်း မပြုလုပ်ရန် NUGက တားမြစ်ထားသည်။

ဖောက်ဖျက်ကျူးလွန်သည့် ထီလုပ်ငန်းရှင်ကြီးများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly