ဆစ်ဒနီက လော့ဒေါင်းဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲဖမ်းဆီး 

ဆစ်ဒနီက လော့ဒေါင်းဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲဖမ်းဆီး 
Photo - AFP

ဩဂုတ် ၂၁

ဩစတြေးလျနိုင်ငံရဲ့ အကြီးဆုံး ဆစ်ဒနီမြို့မှာ လော့ဒေါင်းဆန့်ကျင်တဲ့ ဆန္ဒပြသူ တစ်ရာနီးပါး စုရုံးဆန္ဒပြကြတာကြောင့် ရဲက အများပြည်သူ ကျန်းမာရေးအမိန့်ကို ချိုးဖောက်မှုအတွက် အချို့ကို ဖမ်းဆီးခဲ့ရပါတယ်။ 

မြို့မှာ ဆန္ဒပြအစီအစဉ်တွေကို မဖြစ်မြောက်အောင် တားဆီးနိုင်ဖို့ ရဲတာဝန်ရှိသူ ၁၄၀၀ က ကြိုးပမ်းနေပြိး စီစဉ်ထားတဲ့ ဆန္ဒပြနေရာတွေကို ပိတ်ဆို့တာနဲ့ မိန်းလမ်းမတွေမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိ စစ်ဆေးနေတာတွေ ဆောင်ရွက်နေရပါတယ်။ 

ဆစ်ဒနီမြို့မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကြီးထွားလာတဲ့ကြားမှာ တင်းကြပ်တဲ့ လော့ဒေါင်းချလာတာကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာပါ။ မဲလ်ဘုန်းမြို့မှာလည်း မြို့လယ်ဆီ လူအုပ်တော်တော်များများက ချီတက်ကြတာနဲ့အတူ အခြား အဓိကမြို့ကြီးတွေမှာလည်း လူထောင်ပေါင်းများစွာ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။ 

လျင်မြန်စွာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို ထိန်းချုပ်ဖို့ နိုင်ငံရဲ့ အကြီးဆုံး ဆစ်ဒနီမြို့ဟာ ရုန်းကန်နေရပြီး သောကြာနေ့မှာဆိုရင် နှစ်လကြာ လော့ဒေါင်းကာလကို နောက်ထပ် တစ်လထပ်တိုးသလို တစ်စိတ်တစ်ပိုင်း ကာဖျူးမိန့်ကိုလည်း ချမှတ်ပြဋ္ဌာန်းရတာ ဖြစ်ပါတယ်။ 

နယူးဆောက်ဝေးလ် ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒီ ဘီရစ်ကလိန်းက အခု ‘ခက်ခဲတဲ့ ဆုံးဖြတ်ချက်’ကို ကြေညာရင်း မြို့လူဦးရေ ငါးသန်းအတွက် ‘အကာအကွယ် ပေးရမယ့်’ အချိန်ပါပဲလို့ ပြောဆိုပါတယ်။ 

“ဝမ်းနည်းစိတ်မကောင်းစရာက ကူးစက်ဖြစ်ပွားတဲ့ အရေအတွက်က ဆက်လက်ကြီးထွားနေတာပဲ၊ စက်တင်ဘာအကုန်အထိ ကျွန်မတို့ တော်တော်များများရဲ့ ဘဝနေထိုင်မှုတွေဟာ လော့ဒေါင်းနဲ့ အသားကျနေရမှာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

ကပ်ဘေးကာလ အများစုမှာ ဆစ်ဒနီမြို့ဟာ ကူးစက်ဖြစ်ပွားမှု အနည်းငယ်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာတော့ နေ့စဉ် ကူးစက်ဖြစ်ပွားသူ ၆၀၀ ကျော် ရှိနေပြီး ဒီအရေအတွက်ဟာ ကျဆင်းသွားမယ့် အရိပ်အယောင်လည်း အနည်းအကျဉ်းသာ ရှိနေတော့တာပါ။ 

အိမ်မှာပဲ နေရန်အမိန့်ကို မြို့အနှံ့မှာ စက်တင်ဘာလကုန်အထိ ချမှတ်သွားတော့မှာ ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှု ဆိုးတဲ့ အရပ်တွေက ဒေသခံတွေအနေနဲ့ ညပိုင်း အပြင်ထွက်ခွင့် ရတော့မှာ မဟုတ်သလို လေ့ကျင့်ခန်းလုပ်ဖို့အတွက် တစ်နေ့ကို အပြင် တစ်နာရီပဲ ထွက်ခွင့် ရှိတော့မှာ ဖြစ်ပါတယ်။ 

စိတ်ပင်ပန်းငြီးငွေ့နေကြရပြီဖြစ်တဲ့ ဒေသခံတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို အလေးမထားတာတွေ များလာတာကြောင့် ဒီ ကန့်သတ်စည်းမျဉ်းစည်းကမ်းတွေ လိုက်နာနိုင်အောင် ဆောင်ရွက်ရေးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမှုထမ်း ၁၀၀၀ နီးပါးဟာ ရဲတပ်ဖွဲ့ကို အကူအညီ ပေးလျက်ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly