မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာ

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာ

ဩဂုတ် ၂၁

ဧရာဝတီတိုင်း မြို့နယ်အသီးသီးရှိ တော်လှန်ရေး ပြောက်ကျားစစ်သည်များ စုစည်းကာ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု( DGWCF- Delta Guerrilla Warfare Collective Forces )က ကြေညာခဲ့သည်။

လွတ်မြောက်နယ်မြေများတွင် ရောက်ရှိနေသူအများစုက ဦးဆောင်ပြီး ဒေသတွင်း ပြန့်ကျဲနေ‌သော ပြောက်ကျားစစ်သည်များအား ဆက်သွယ်စုစည်းကာ DGWCFကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“ယခု Page သည် ဧရာဝတီတိုင်း၏ တော်လှန်ရေးရဲဘော်များ (သို့) ဧရာဝတီတိုင်း ပြောက်ကျားစစ်သည်များ၏ Page ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်းစုသည် ယခုအချိန်မှသာစတင်ဖွဲ့စည်းခြင်းမဟုတ်ပဲ ယခင်ကတည်းက ဖွဲ့စည်းထားခဲ့သော အဖွဲ့အစည်း ဖြစ်ပါသည်။ ပြန့်ကျဲနေသော ဧရာဝတီတိုင်းမြို့နယ်များမှ တော်လှန်ရေးရဲဘော်များကို ချိတ်ဆက် ဆက်သွယ်နေခဲ့ပြီး ယခုအချိန်တွင် မြို့နယ်စုံရဲဘော်များကို ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်သောကြောင့် မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု DGWCF ( Delta Guerrilla Warfare Collective Forces )အဖွဲ့အစည်းကို အခိုင်အမာဖွဲ့စည်းလိုက်ပြီ ဖြစ်ပါသည်”ဟု မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက ၎င်းတို့၏Facebook စာမျက်နှာမှတဆင့် ကြေညာခဲ့သည်။

ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု ဖွဲ့စည်းလိုက်သော်လည်း အဆိုပါအဖွဲ့ထဲတွင် ပါဝင်ခြင်းမရှိသေးသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ကျန်ရှိ‌သေးသည်ဟု ဒေသတွင်း PDFတချို့က ပြောသည်။

“ဆင်းလာတဲ့ ဌာနမတူတဲ့ အဖွဲ့တွေက အများကြီးရှိနေတာ၊ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းကတော့ မှန်တယ်။ ကျွန်တော်တို့လည်း ဆက်သွယ်မိတယ်။သူတို့ မပူးပေါင်းဘဲ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိုယ့်ဘာသာ လှုပ်ရှားနေတဲ့ အဖွဲ့တွေလည်း ရှိပါသေးတယ်။ အဖွဲ့အချင်းချင်း အားလုံး ချိတ်ဆက်နိုင်ဖို့ကို NUGကာကွယ်ရေးဝန်ကြီးဌာနက ဆက်လုပ်ဆောင်သွားမှာပေါ့ ။သီးသန့်တော့ သွားမပေါင်းဖြစ်ဘူး။ဒေသတွင်းမှာ သူတို့လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ လုပ်ငန်းအချို့က ကျွန်တော်တို့ဘက်က လုပ်ခဲ့တာတွေကို ထည့်သွင်းဖော်ပြထားတာလည်းရှိတယ်။ ဒါကလည်း ကန့်ကွက်စရာမရှိပါဘူး”ဟု ဒေသတွင်း PDFအဖွဲ့ဝင် တစ်ဦးကပြောသည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုသည် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ လုပ်ငန်းစဉ်များအား ဟန့်တားနိုင်ရန်အတွက် ပြည်သူများ မထိခိုက်စေသည့် လုပ်ငန်းစဉ် ပေါင်း ၃၀ကျော်ကို လုပ်ဆောင်ထားခဲ့ပြီးဖြစ်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly