မန္တလေးတွင် ဆိုင်ကယ်ကို စစ်‌ဆေးရန် တားရာ မရပ်ပေး၍ သေနတ်ဖြင့်လိုက်ပစ်

မန္တလေးတွင် ဆိုင်ကယ်ကို စစ်‌ဆေးရန် တားရာ မရပ်ပေး၍ သေနတ်ဖြင့်လိုက်ပစ်

မန္တလေး သြဂုတ် ၂၀

မန္တလေး မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၈၆လမ်းအနီးရှိ စစ်ကောင်စီ၏ နယ်ကျော်ကဒ်စစ်ဆေးရေးဂိတ်တွင်လူသုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို စစ်ဆေးရေးဂိတ်က ရပ်ခိုင်းရာ ရပ်မပေး၍ စစ်သားက သေနတ်ဖြင့် လိုက်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်မှုသည် ယနေ့ (ဩဂုတ် ၂၀ရက်) နေ့လည် ၃နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အနီးရှိ ဈေးသည်တစ်ဦး သေနတ်ကျည်မှန်ခဲ့သည့်အပြင် အဆိုပါ ဆိုင်ကယ်စီးနင်းသူသုံးဦး အဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"၃နာရီဝန်းကျင်ကဖြစ်တာ၊ ပစ်ခံရတာတော့ဟုတ်တယ်။ နောက်ကလှမ်းပစ်တာ ဘယ်နားထိသွားလဲတော့မသိဘူး။ သေတော့မသေဘူး။ ပစ်ခံရတဲ့သူတွေက ရွှေတချောင်းမြောင်းနားက လမ်းကြားထဲဝင်တာ" ဟု အဆိုပါ ဂိတ်အနီးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ယင်းဂိတ်တွင် စစ်ကောင်စီတပ်မှ စစ်သားများ၊ မီးသတ်သမားများ၊ ယာဉ်ထိန်းရဲများနှင့် ရပ်ကွက်လူကြီးများပါ စောင့်ကြပ်စစ်ဆေးလျက်ရှိကာ အစစ်အဆေး တင်းကြပ်သည့် ဂိတ်တစ်ဂိတ်လည်းဖြစ်သည်။

မန္တလေးတွင် COVID-19 တတိယလှိုင်းအတွင်း ရောဂါအကြောင်းပြကာ အပြင်ထွက်ချိန်ကို စစ်ကောင်စီက ကန့်သတ်ထားသည်။ နံနက် ၄နာရီမှ နံနက် ၉နာရီအထိ တစ်ချိန်၊ ညနေ ၃နာရီ မိနစ် ၃၀ မှ ညနေ ၆ နာရီအတွင်း တစ်ချိန် စုစုပေါင်း ယင်းနှစ်ချိန်အတွင်းသာ အပြင်ထွက်ခွင့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly