ကိုလံဘီယာမှာ အာဏာပိုင်တွေ အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းသားကို ၎င်းရဲ့ မင်္ဂလာပွဲမှာ ဖမ်းမိ

ကိုလံဘီယာမှာ အာဏာပိုင်တွေ အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းသားကို ၎င်းရဲ့ မင်္ဂလာပွဲမှာ ဖမ်းမိ
Photo - AFP

ဩဂုတ် ၂၀

ကိုလံဘီယာနိုင်ငံမှာ မူးယစ်ဆေးဝါးဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ Clan del Golfo ရဲ့ သံသယရှိဂိုဏ်းသားတစ်ဦးဟာ ဘုရားကျောင်းတစ်ခုမှာ ကျင်းပခဲ့တဲ့ ၎င်းရဲ့ မင်္ဂလာ‌ပွဲအခမ်းအနားမှာပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

လူးဝစ် ဒန်နီယယ် ဆန်တာနာ အမည်ရ အဆိုပါ သံသယရှိ မူးယစ်ဂိုဏ်းသားဟာ ၂၀၁၇ ခုနှစ်ကတည်းက အာဏာပိုင်တွေရဲ့ အလိုရှိခြင်းကို ခံနေခဲ့ရသူ ဖြစ်ပြီး ၎င်းဟာ အဖမ်းမခံရအောင်လို့ အန်တီယိုကွေး တောင်ကုန်းအရပ်ဒေသတွေမှာ တိမ်းရှောင်ပုန်းခိုနေခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါ အသက် ၂၄ နှစ်ရှိ အမျိုးသားဟာ ၎င်းရဲ့ မင်္ဂလာပွဲကို တက်ဖို့အတွက် ပုန်းခိုနေရာကနေ ထွက်လာလိမ့်မယ်ဆိုတာကို ထောက်လှမ်းရေးအရာရှိတွေက သိရှိပြီးနောက် ခုလို ဖမ်းမိသွားခဲ့တာ ဖြစ်ပါတယ်။

အန်တီယိုကွေး အရပ်ဒေသရှိ ဘုရားကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ဆန်တာနာရဲ့ မင်္ဂလာပွဲအတွင်း အာဏာပိုင်တွေ ရောက်လာပြီး ၎င်းကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“သူ့ကို ၂၀၁၇ ခုနှစ်ကတည်းက အလိုရှိနေခဲ့တာဖြစ်ပါတယ်၊ ဒါပေမယ့် သူ့ကို မဖမ်းမိခဲ့ပါဘူး၊ ဒါကြောင့် သူဘယ်မှာ ရှိနေလဲ ဆိုတာ သိရဖို့ လိုအပ်ခဲ့ပါတယ်၊ ခု အန်တီယိုကွေး ဒေသ ယူရာမစ်တာ အရပ်မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲမှာ သူ့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်” လို့ ကိုလံဘီယာရဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်း တိုက်ဖျက်ရေးရုံးက အမှုထမ်းတစ်ဦးဖြစ်တဲ့ ကားလို့စ် ‌ရော်ဘတ်တို အစ်ဇ်ကွေးရာဒိုက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly