မန္တလေးတွင် မနက် ၉နာရီနောက်ပိုင်း အပြင်ထွက်၍ ထောင် ၆လ ချခံရ

မန္တလေးတွင် မနက် ၉နာရီနောက်ပိုင်း အပြင်ထွက်၍ ထောင် ၆လ ချခံရ

မန္တလေး၊ ဩဂုတ် ၁၉ 

 စစ်ကောင်စီက ထိန်းချုပ်ကန့်သတ်မှုများ တင်းကြပ်လျက်ရှိသည့် မန္တလေးမြို့တွင် နံနက် ၉ နာရီနောက်ပိုင်း အပြင်ထွက်မိ၍ လူငယ်တစ်ဦးကို ထောင်ခြောက်လချလိုက်ကြောင်း ၎င်း၏ မိသားစုဝင်က ပြောသည်။ 

"ဘာအမှုနဲ့ ဆွဲတာလည်းမေးမရဘူး။ ထောင် ခြောက်လကျမယ်။ လိုအပ်တာတွေ နောက်နေ့ယူခဲ့လို့ပြောတယ်" ဟု ပြောသည်။ 

မန္တလေး၊ အောင်မြေသာစံမြို့နယ် ၂၆လမ်းတွင် အဖမ်းခံရခြင်းဖြစ်ပြီး နယ်ကျော်ကတ်ပြားပါသော်လည်း အချိန်လွန်၍အဖမ်းခံရခြင်းဖြစ်သည်ဟုဆိုသည်။

ဖမ်းဆီးခံရသူကို မိသားစုက တွေ့ခွင့်မရဘဲ မန္တလေး ဗဟိုအကျဉ်းထောင်သို့ ဩဂုတ် ၂၀ရက်တွင် ပို့မည်ဟုသာသိရသည်။

"ရဲစခန်းကိုသွားတာပေးမတွေ့ဘူး။ အာမခံခေါ်လာရင်ရတယ်ဆိုလို့ ရပ်ကွက်ထဲက ဦးလေးကြီးအကူအညီနဲ့ ဒီညနေသွားတယ်။ မရတော့ဘူးတဲ့ မနက်ဖြန်ထောင်ကြီးချုပ်ပို့မယ်ပြောတယ်" ဟု မိသားစုဝင်က ပြောသည်။ 

မြို့ခံတစ်ဦးဖြစ်သည့် ကိုကျော်ကျော်က  "အခုက လမ်းထွက်ရင်အကုန်ဖမ်းတာပဲ။ သူတို့သတ်မှတ်ချိန်ထွက်လည်း ဖမ်းတာပဲ။ လှည့်ပတ်ရှောင်သွားလည်း မရတဲ့အခြေအနေဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ mobile team နဲ့ လှည့်ကင်းနဲ့ကိုဖမ်းတာ။ လှည့်ကင်းအဖွဲ့နဲ့ တွေ့လို့ကတော့ သေဖို့ပဲ။ တောင်းသလောက်မပေးရင် ပြဿနာတက်ပြီပဲ" ဟု ပြောသည်။ 

မန္တလေးတွင် စစ်ကောင်စီတပ်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ မြို့အဝင်အထွက် ဂိတ်များသာမက မြို့အနှံ့ လှည့်ကင်းစနစ်ဖြင့် လိုက်လံစစ်ဆေး ဖမ်းဆီးလျက်ရှိရာ နယ်ကျော်ကတ်မပါသူများ၊ နယ်ကျော်ကတ်ပါသော်လည်း အချိန်ကျော်လွန်သူများကို ဖမ်းဆီးကာ ငွေတောင်းခြင်း၊ ငွေမပေးနိုင်သူများကို ထောင်ချသည်အထိ ပြုလုပ်လျက်ရှိသည်။ 

မန္တလေးမြို့တွင် မြို့နယ်တစ်ခုနှင့်တစ်ခု ဝင်ထွက်သွားလာခွင့် ရရှိရန် နယ်ကျော်ကဒ်ကို တိုးဝှေ့လျောက်ထားရပြီး နယ်ကျော်ကတ်အတွက် ရပ်ကွက်ထောက်ခံစာရရှိရေး အလှူငွေ၊ လျှောက်လွှာကြေး၊ ကတ်ဖိုး စသဖြင့် ရပ်ကွက်၊ မြို့နယ်ပေါ်မူတည်ပြီး ကျပ် ၅၀၀၀ ဝန်းကျင်ကို ပေးနေရသည်။ 

ကိုဗစ်တတိယလှိုင်းကာလအတွင်း နံနက် ၉ နာရီမှ ညနေ ၃နာရီခွဲအထိ အိမ်ပြင်မထွက်ရန် ကန့်သတ်ထားပြီး အပြင်ထွက်ပါက နယ်ကျော်ကတ် ပြရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly