မိုးကုတ်မြို့ ကျောက်ပုတ်-မြေမဲလမ်း ပေ ၂၀၀ ကျော် ​ပျက်စီး

By The Nation Voice
19 August 2021
မိုးကုတ်မြို့ ကျောက်ပုတ်-မြေမဲလမ်း ပေ ၂၀၀ ကျော် ​ပျက်စီး

သြဂုတ်လ ၁၉ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ကျောက်ပုတ်‌ကျေးရွာနှင့် မြေမဲရွာအကြား ကျောက်ပုတ်-မြေမဲလမ်းမှ လမ်းမြေအရှည် ပေ ၂၀၀ကျော်သည် ယနေ့နံနက်ပိုင်းက ပြိုကျပျက်စီးသွားကြောင်း သိရသည်။

တောင်ပေါ်လမ်းဖြစ်သည့် အဆိုပါလမ်းသည် တောင်အိကျလာခြင်းကြောင့် အရှည် ပေ ၂၀၀ ကျော်မှာ လူသွားမရအောင် ပျက်စီးသွား‌ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

" ဒီလမ်းက အက်ရာပေးနေတာ နှစ်နှစ်လောက်ရှိပြီ။ အဲဒီတုန်းက သွားလို့ရသေးတယ်။ ခုက သွားမရအောင်ကို အိကျ ပျက်စီးသွားတယ် "ဟု ယင်းဒေသခံက ပြောသည်။

တောင်ပေါ်လမ်းဖြစ်သည့်အပြင် တောင်အောက်တွင်လည်း ယခင်က ကျောက်မျက်တူးဖော်သည့် မြေလုပ်ကွက်များရှိခဲ့သည်။

လမ်းအရှည် ပေ ၂၀၀ ကျော် ပျက်စီးသွားသည့် အဆိုပါလမ်းသည် အောက်ဘက်သို့ အနက် ၈ပေ ဝန်းကျင်အထိ အိကျသွားခြင်း ဖြစ်သည်။

ကျောက်ပုတ် - မြေမဲလမ်း ပျက်စီးသွား‌သော်လည်း ဒေသခံများအနေဖြင့် ဘော်ဗဒန်းလမ်းမှ သွားနိုင်သည်ဟု သိရသည်။

" ဘော်ဗဒန်းလမ်းကနေ သွားရမယ်။ အဲဒီလမ်းကလည်း ပြိုထားတာ မကြာသေးဘူး။ ဒါပေမဲ့ ခဲတွေနဲ့​ မြေလမ်းလုပ်ထားတော့ လူသွားလို့ရနေပြီ။ အခုတော့ အဲဒီလမ်းကနေ ပတ်သွားရမယ် "ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခု ပျက်စီးသွားသည့်လမ်းသည် အကျယ် ၁၀ ပေဝန်းကျင်သာ ရှိပြီး‌ ကျောက်ပုတ်ရွာ၊ မြေမဲရွာ၊ ပြောင်းပြင်ရွာနှင့် ကျပ်ပြင်‌ကျေးရွာအထိ သွား၍ရသည့်လမ်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly