အရက်ဘားများ၊ ကလပ်များ ဖွင့်ရန် တရားဝင်ခွင့်ပြုချက် မရှိသော်လည်း ပြန်လည်ဖွင့်လှစ်နေသည့် ဆိုင်အချို့ကို အရေးယူမည့်သူမရှိ 

အရက်ဘားများ၊ ကလပ်များ ဖွင့်ရန် တရားဝင်ခွင့်ပြုချက် မရှိသော်လည်း ပြန်လည်ဖွင့်လှစ်နေသည့် ဆိုင်အချို့ကို အရေးယူမည့်သူမရှိ 

ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးရှိ အရက်ဘားများ၊ ကလပ်များ ပြန်လည်ဖွင့်လှစ်ရန် တရားဝင်ခွင့်ပြုချက် မရှိသော်လည်း  ပြန်လည်ဖွင့်လှစ်နေသည့် ဆိုင်အချို့ကို အရေးယူမည့်သူ မရှိဟု စားသောက်ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောသည်။

" ဆိုင်ထိုင်စားသောက်ခွင့်က မရသေးပါဘူး။ တရားဝင် မပေးထားပါဘူး။ ဒါပေမဲ့ တချို့ဆိုင်တွေကတော့ ဖွင့်နေကြတာ၊ သူတို့ဖွင့်တယ်ဆိုတာကလည်း တကယ်တော့ စည်းကမ်းမလိုက်နာပဲ ဖွင့်ကြတာပေါ့။ အရေးယူမယ့်သူကလည်း မရှိတော့ ဒီလိုပဲဖွင့်နေကြတာပေါ့ ''ဟု ဦးနေလင်းက ပြောသည်။

ယင်းကဲ့သို့ ဆိုင်များ ဖွင့်ကြခြင်းနှင့် ပတ်သက်၍ "အမှန်ကတော့ ကိုဗစ်ထိန်းချုပ်ဖို့အတွက် ရုံးတွေ တခြားအလုပ်တွေတောင် ပိတ်ထားတာကို စားသောက်ဆိုင်တွေကလည်း အားလုံးတာဝန်ရှိစွာနဲ့ လိုက်နာမှ ကိုဗစ်ကွင်းဆက် ပြတ်သွားမှာလေ။ ဒါပေမဲ့ တချို့ဆိုင်တွေက စည်းကမ်းမလိုက်နာပဲ တကိုယ်ကောင်းဆန်ပြီး ဖွင့်ကြ တာ''ဟု ဦးနေလင်းက ပြောသည်။ 

လတ်တလောတွင် တချို့ ဘားနှင့် ကလပ်များမှာ ည ၇နာရီမှ ည၁၀နာရီခွဲ အထိ ဖွင့်လှစ်ပြီး တချို့မှာ မနက် ၃နာရီလောက်အထိ ဖွင့်လှစ်ကြကြောင်း သိရသည်။

လက်ရှိ COVID-19 ကပ်ရောဂါကာလအတွင်း ဆိုင်များပိတ်ထားရမည့်အချိန် သတ်မှတ်ချက်နှင့် ညမထွက်ရအမိန့် ရှိနေသော်လည်း ဝေဇယန္တာ လမ်းမကြီးပေါ်ရှိ G 7 Music barမှာ နံနက် ၃နာရီအထိ သီချင်းသံများဆူညံစွာဖြင့် ဖွင့်လှစ်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

" မနက် ၂နာရီ ၃နာရီလောက်အထိ ဆူညံပြီး ကခုန်နေကြတာ၊ လာတဲ့သူတွေကလည်း ပြိုင်ကားတွေနဲ့ဗျာ။ သီချင်းသံတွေကော လမ်းပေါ်မှာ ကားသံတွေကောနဲ့၊ သူတို့ပဲကွက်ပြီး လွတ်လပ်ရေးရနေကြတာ''ဟု ဒေသခံတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required