မလေးရှားဝန်ကြီးချုပ်သစ်နေရာ အားပြိုင်မှုတွင် မကောင်းသတင်းထွက်ခဲ့သည့် ပါတီက အနိုင်ရရန် အခြေအနေကောင်းနေ

မလေးရှားဝန်ကြီးချုပ်သစ်နေရာ အားပြိုင်မှုတွင် မကောင်းသတင်းထွက်ခဲ့သည့် ပါတီက အနိုင်ရရန် အခြေအနေကောင်းနေ
Photo - AFP

ဩဂုတ် ၁၉

မလေးရှားနိုင်ငံတွင် ယခုအပတ်ထဲ ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင် ရာထူးနုတ်ထွက်သွားခဲ့ပြီးနောက်တွင် မကောင်းသတင်း ထွက်ထားခဲ့သည့် ပါတီတစ်ခုက ယခုအခါ ယင်းနိုင်ငံ၏ ခေါင်းဆောင်မှုနေရာကို ပြန်လည်ရယူနိုင်ရန် အခြေအနေကောင်းနေသည်။

မူယစ်ဒင် ယက်ဆင်သည် နိုင်ငံတွင် ပိုမို ဆိုးဝါးလာနေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအပေါ် ၎င်းဦးဆောင်သော အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်ပြီး အမျက်ဒေါသထွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး မဟာမိတ်များသည်လည်း ၎င်းအပေါ် ထောက်ခံမှု ပြန်ရုပ်သိမ်းသွားခဲ့ပြီးနောက် ဝရုန်းသုန်းကားနိုင်ခဲ့သည့် ၁၇ လတာ ကာလတစ်ခုအပြီး ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်က ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးခဲ့ရသည်။

ကပ်ရောဂါ ရှိနေ၍ ရွေးကောက်ပွဲတစ်ရပ် ကျင်းပခြင်းမပြုရန် ဆုံးဖြတ်ထားသည့် မလေးရှားဘုရင်က ပါလီမန်အတွင်း မည်သူက ထောက်ခံမှုအများဆုံးရသလဲ ဆိုသည့်အပေါ် မူတည်ပြီး နိုင်ငံ ခေါင်းဆောင်သစ်ကို ရွေးချယ်သွားရန် ရှိနေသည်။

မူယစ်ဒင်၏ ညွန့်ပေါင်းအစိုးရတွင် ဒုတိယဝန်ကြီးချုပ် တာဝန်ယူခဲ့ပြီး ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် (UMNO) ပါတီ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်သည် လက်ရှိအချိန်တွင် မလေးရှားဝန်ကြီးချုပ်သစ်နေရာအတွက် အမတ် ၂၂၀ ဦးအနက် ၁၁၄ ဦး၏ ထောက်ခံမှုကို ရရှိထားကြောင်း the Star သတင်းစာက ဖော်ပြသည်။

အဆိုပါ အသက် ၆၁ နှစ်အရွယ် နိုင်ငံ‌ရေးသမားအပေါ် ထောက်ခံသူများကို သြဂုတ် ၁၉ ရက်တွင် ဘုရင့်နန်းတော်ဆီ ခေါ်ယူထားပြီး ၎င်းတို့၏ ရွေးချယ်မှုကို အတည်ပြုခိုင်းမည် ဖြစ်ကြောင်း ၎င်းအပေါ် ထောက်ခံသူတစ်ဦးဖြစ်သည့် မလေးရှားလွှတ်တော်အမတ် အာမက်ဒ် မက်စ်လန်က တွစ်တာကနေ ပြောသည်။

အကယ်၍ ယင်းအတိုင်း အတည်ပြုခဲ့မည်ဆိုပါလျင် ၂၀၁၈ ခုနှစ် အာဏာမဆုံးရှုံးခင် မလေးရှားနိုင်ငံကို ဆယ်စုနှစ်ခြောက်ခုကြာ အုပ်ချုပ်ခဲ့သည့် ညွန့်ပေါင်းအဖွဲ့တစ်ခု၏ အရေးပါသည့် အဖွဲ့တစ်ခုဖြစ်သည့် ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် (UMNO) ပါတီက ဝန်ကြီးချုပ်ရာထူးကို တစ်ဖန်ပြန်လည် ရယူနိုင်မည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
ထိုပါတီသည် ယခု ပြီးခဲ့သည့် နောက်ဆုံးအစိုးရတွင် တစ်စိတ်တစ်ဒေသ ပါဝင်ထားခဲ့သော်လည်း မူယစ်ဒင်က သီးခြားမတူသည့် အဖွဲ့တစ်ခုကနေ လာသူဖြစ်သည်။

“၂၀၁၈ ခုနှစ်တုန်းက အပြောင်းအလဲအတွက် မဲပေးခဲ့ကြသူတွေအနေနဲ့ကတော့ ခုလို သူ (အစ္စမေးလ် ဆာဘရီ ယာကော့ဘ်) ကို ခန့်အပ်မှုအပေါ် ထောက်ခံစိတ်နဲ့ ရှုမြင်မယ့်ပုံတော့ မရှိပါဘူး၊ ဒါက ရွေးကောက်ခံမဟုတ်တဲ့ ခန့်အပ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု နော့တင်ဟမ်တက္ကသိုလ်မှ မလေးရှားကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် ဘရစ်ဒ်ဂတ် ဝဲလ်ရှ်က ပြောသည်။

“ဒီတော့ ခင်ဗျားတို့အနေနဲ့ အုပ်စုနှစ်စု ကွဲတာမျိုး ဆက်ရှိနေမှာကိုတော့ တွေ့ရဖို့ ရှိပါတယ်”

ဝန်ကြီးချုပ်သစ် အမည် တရားဝင် ကြေညာမှုကို သြဂုတ် ၂၀ ရက်တွင် ကြေညာဖွယ် ရှိသည်။

UMNO သည် သိသာအထင်ရှားအဖြစ် 1MDB အရှုပ်တော်ပုံအပါအဝင် အကျင့်ပျက်ခြစားမှုကိစ္စရပ်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အာဏာကနေ ဖယ်ထုတ်ခံခဲ့ရသည်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် ပါဝင်ပတ်သက်ထားခဲ့သည့် လိမ်လည်မှုတစ်ခုအတွင်း 1MDB နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကနေ ဒေါ်လာဘီလီယံများစွာ ခိုးယူခံရပြီး ယင်းတို့ကို ဇိမ်ခံရွက်လှေကစပြီး တန်ဖိုးကြီးအနုပညာလက်ရာများအထိ ဝယ်ယူသုံးစွဲမှုများ ရှိထားခဲ့သည်။

နာဂျစ်သည်လည်း စီရင်ချက်ချခံရပြီး ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရသော်လည်း အယူခံဝင်မှုတစ်ခု မတိုင်မီ အတောအတွင်း အာမခံဖြင့် ဆက်လက် လွတ်မြောက်နေသည်။

UMNO ပါတီသည် ဝန်ကြီးချုပ်ရာထူးအတွက် တစ်ဖန်ပြန်လည်ရရှိမည်ဆိုပါက ယင်းက နာဂျစ်၏ အမှုကိစ္စ အပြင် ခြစားမှု စွဲချက်များဖြင့် ရင်ဆိုင်နေရသော အခြား အမတ်တစ်ချို့အတွက်လည်း ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်သည်ဟု အကဲခတ်များက သတိပေးထားကြသည်။

တချိန်တည်းမှာပင် ဝန်ကြီးချုပ်ရာထူးအတွက် အခြားသော အဓိက ယှဉ်ပြိုင်သူဖြစ်သည့် ကာလရှည် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်က ယခု အားပြိုင်ပွဲတွင် အရေးနိမ့်သွားရရန် ရှိနေသည်။

ယင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲများအပြီး မဟာသီယာ မိုဟာမက် ဦးဆောင်သော ပြုပြင်ပြောင်းလဲ‌ရေး မဟာမိတ်အဖွဲ့တစ်ခုက အာဏာရခဲ့သည်။

သို့သော် အုပ်စုတွင်း သဘောကွဲလွဲ တိုက်ခိုက်မှုများ ရှိခဲ့ပြီး ယမန်နှစ်က ထိုအစိုးရလည်း ပြိုလဲခဲ့ကာ မူယစ်ဒင်အတွက် ရွေးကောက်ပွဲမလိုဘဲ အာဏာရယူနိုင်ရန် လမ်းပွင့်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly