တရုတ်မီဒီယာများက ပြစ်တင်ဝေဖန်ခဲ့သည့် ထိုင်ဝမ်နှင့် သက်ဆိုင်သော တွစ်တာရေးသားမှုကို အမေရိကန် အထက်လွှတ်တော်အမတ် ပြန်လည်ဖျက်ပစ်

တရုတ်မီဒီယာများက ပြစ်တင်ဝေဖန်ခဲ့သည့် ထိုင်ဝမ်နှင့် သက်ဆိုင်သော တွစ်တာရေးသားမှုကို အမေရိကန် အထက်လွှတ်တော်အမတ် ပြန်လည်ဖျက်ပစ်

ထိုင်ဝမ်တွင် အမေရိကန်အင်အား ၃၀ဝဝဝ တပ်စွဲထားသည်ဟု အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်ကော်နန်က တွစ်တာတွင် မှားယွင်းစွာ ရေးသားခဲ့ပြီးနောက် ပြန်ဖျက်ခဲ့သော်လည်း တရုတ်မီဒီယာများက ၎င်းကို သူငယ်ပြန်နေသူ ဟုခေါ်ဆိုရန် လှုံ့ဆော်ခဲ့ကြသည်။

တာလီဘန်ထိန်းချုပ်မှုအောက်တွင် ယခုအခါ ရောက်ရှိနေသည့် အာဖဂန်နစ္စတန်မှ မရုပ်သိမ်းမီအထိ အမေရိကန်တပ်များ၏ အင်အားအပါအဝင် သြဂုတ်လ ၁၆ရက်နောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် အခြေစိုက်သော အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်များကိုပါ ဂျွန်ကော်နန်က တွစ်တာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမေရိကန်က ၁၉၇၉ ခုနှစ်တွင် ကွန်မြူနစ် တရုတ်နှင့် တရားဝင် ဆက်ဆံရေးမတည်ဆောက်မီက အမေရိကန်စစ်တပ်များသည် ထိုင်ဝမ်တွင် များစွာတပ်စွဲထားခဲ့သည်။

တရုတ်အစိုးရနှင့် သံတမန်ရေးရာသဘောတူညီချက်များအပါအဝင် အခြားအချက်များကြောင့် ထိုအချိန်မှစ၍ တပ်ဖွဲ့များကို ဖယ်ရှားခဲ့သည်။

အမျိုးသားရေးဝါဒီ တရုတ်အစိုးရထိန်းချုပ်ထားသည့် Global Times သတင်းစာက တက္ကဆက်လွှတ်တော် အမတ်၏ အမှားကို အမေရိကန်နိုင်ငံရေးသမားများ၏ တာဝန်မဲ့မှု၏ သက်သေဖြစ်ကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။

“ တရုတ်ရဲ့ ထိုင်ဝမ်ကျွန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃၀ဝဝဝ တပ်ချထားတယ်ဆိုပြီး တွစ်တာမှာ ရေးသားခဲ့တာ က သူငယ်ပြန်နေတဲ့ အထက်လွှတ်တော်အမတ်တစ်ဦး ရဲ့ အံ့အားသင့်ဖွယ်ရာ အမှားတစ်ခု ဒါမှမဟုတ် ကြွားလုံးတစ်ခုဖြစ်နိုင်ပြီး အမေရိကန်နိုင်ငံရေးသမားတွေက ထိုင်ဝမ်ရေလက်ကြားရဲ့ အရေးကြီးကိစ္စမှာ ဘယ်လိုတာဝန်မဲ့တယ်ဆိုတာကို တွေ့မြင်ရတာ အံ့သြထိတ်လန့်ဖို့ ကောင်းပါတယ် " ဟု သတင်းစာက တွစ်တာမှာ ရေးသားခဲ့သည်။

The Global Times ၏ အယ်ဒီတာချုပ် ဟူရှီကျင်းက ထိုင်ဝမ်အာဏာပိုင်များသည် ဂျွန်ကော်နန်၏ မှတ်ချက်နှင့် ပတ်သက်ပြီး ရှင်းပြရမည်ဖြစ်ကြောင်းနှင့် မှန်ကန်ပါက တရုတ်က အမေရိကန်စစ်သားများအား ဖယ်ရှားရန်နှင့် နှင်ထုတ်ရန် ချက်ချင်းစစ်တိုက်ရမည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

ဂျွန်ကော်နန်သည် ထိုင်ဝမ်နှင့် အမေရိကန်ဆက်ဆံရေးကိုမြှင့်တင်ရန် ပွင့်ပွင့်လင်းလင်းထောက်ခံသူတစ်ဦး ဖြစ်ပြီး အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့နှင့် ထိုင်ဝမ်ကာကွယ်ရေးတပ်ဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်ရန် ဥပဒေများပြဌာန်းရေးကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly