ထိုင်ဝမ်ကိစ္စအတွက် တရုတ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ထားရသည့် လစ်သူယေးနီးယားဘက်ကနေ အမေရိကန် ထောက်ခံ

ထိုင်ဝမ်ကိစ္စအတွက် တရုတ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ထားရသည့် လစ်သူယေးနီးယားဘက်ကနေ အမေရိကန် ထောက်ခံ

ထိုင်ဝမ်ကိုယ်စားလှယ်ရုံး ထူထောင်ဖွင့်လှစ်မည့် လစ်သူယေးနီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် တရုတ်က ခြိမ်းခြောက်သတိပေးပြောဆိုမှု လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်က ယင်းအနေဖြင့် ဘောလတစ်နိုင်ငံဘက်ကနေ ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။

“အမေရိကန် ဒုနိုင်ငံခြားရေး၀န်ကြီး ၀မ်ဒီ ရှားမန်းဟာ လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂါဘရီယယ်လီယက်စ် လန်းစဘာဂစ်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်၊ ခေါင်းဆောင်နှစ်ဦးစလုံးဟာ မိမိတို့ရဲ့ နေတိုးမဟာမိတ်ဖွဲ့မှုမှာ အခြေတည်တဲ့ အမေရိကန်-လစ်သူယေးနီးယား နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အားကောင်းခိုင်မှုနဲ့ ကျယ်ပြန့်မှုကို အလေးပေးပြောခဲ့ကြပါတယ်၊ ပြီးတော့ တရုတ်အရေးကိစ္စ ကိုင်တွယ်ရေးအပါအ၀င် အမေရိကန်-အီးယူ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ကိုလည်း အလေးပေးပြောခဲ့ပါတယ်၊ ကမ္ဘာတ၀န်းနဲ့ အတ္တလန္တိတ်ဖြတ်ကျော် ဒေသမှာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လုံခြုံရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အားကောင်းစေမယ့် မိမိတို့ရဲ့ ဘုံကတိကဝတ်နဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အနေဖြင့် နေတိုးမဟာမိတ်၊ အီးယူပါတနာဖြစ်သည့် လစ်သူယေးနီးယားနှင့် တစ်သားတည်း ရပ်တည်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြောင်းနှင့် ထိုင်ဝမ်နှင့်အကြား အပြန်အလှန် အကျိုးဖြစ်စေမည့် ဆက်ဆံပတ်သက်မှု ဖော်ဆောင်ရန် လစ်သူယေးနီးယား၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်ပြီး “တရုတ်ဘက်က မကြာသေးခင်က နိုင်ထက်စီးနင်း အပြုအမူများ လုပ်ခဲ့မှု” ရှိခဲ့ပြီးနောက် ဝါရှင်တန်အနေဖြင့် လစ်သူယေးနီးယားနှင့်အတူ ရပ်တည်ကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ် ကိုယ်စားလှယ်ရုံးတစ်ရုံး ဖွင့်လှစ်မည့် လစ်သူယေးနီးယား၏ အစီအစဥ်ကြောင့် တရုတ်က ယင်း၏ သံတမန်ကို ပြန်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန်၏ ရပ်တည်ချက်ထုတ်‌ဖော်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ဘက်ကနေ အကြိမ်ပေါင်းများစွာ သတိပေးခဲ့တဲ့ကြားက လစ်သူယေးနီးယားအစိုးရဟာ ထိုင်ဝမ်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရုံးတစ်ရုံး ဖွင့်လှစ်ခွင့် ထိုင်ဝမ်တာဝန်ရှိသူတွေကို ခွင့်ပြုပေးမယ်လို့ ကြေညာခဲ့ပါတယ်၊ ဒါဟာဆိုရင် မိမိတို့ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံမှု ထူထောင်မှုဆိုင်ရာ ကြေညာချက်ကို ကြီးကြီးမားမား ချိုးဖောက်လိုက်တာပါပဲ” ဟု တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

ယင်း၏ သံတမန်ကို ပြန်လည်ခေါ်ယူသည့် တရုတ်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ဖော်ခဲ့သော်လည်း လစ်သူယေးနီးယားက ယင်းအနေဖြင့် ထိုင်ဝမ်နှင့်အကြား အပြန်အလှန် အကျိုးရှိမည့် ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ပြောခဲ့သည်။

ထိုင်ဝမ်သည် လစ်သူယေးနီးယား၏ မြို့တော် ဗီလ်နီးယပ်စ်တွင် ကိုယ်စားလှယ်ရုံးတစ်ရုံး ဖွင့်လှစ်မည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝူက ဇူလိုင်လက ကြေညာခဲ့သည်။ လစ်သူယေးနီးယားသည် ထိုင်ဝမ်နှင့်အကြား တရားဝင် သံတမန်ဆက်ဆံရေး မရှိသေးသော်လည်း ယင်းသည် တိုင်ပေနှင့်အကြား ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို တိုးမြှင့်ထိန်းသိမ်းထားသည်။ ထို့ပြင် ဗီလ်နီးယပ်စ်သည် ထိုင်ဝမ် အပြင် ရှင်ကျန်းနှင့် ဟောင်ကောင်တို့အပေါ် တရုတ်၏ ပြုမူလုပ်ဆောင်ချက်များအပေါ် တိုးမြှင့် ဝေဖန်ထားသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

တရုတ်ပြည်မကြီး၏ အရှေ့တောင် ကမ်းရိုးတန်းပြင်ပရှိ ဒီမိုကရေစီကျင့်သုံးသော ထိုင်၀မ်ကို အပြည့်အဝ အချုပ်အချာအာဏာပိုင်ဆိုင်သည်ဟု ပေကျင်းက ပြောထားသည်။ သို့သော် နှစ်ဘက်စလုံးသည် ဆယ်စုနှစ် ခုနစ်စုကျော်ကြာ သီးခြားစီ အုပ်ချုပ်ထားခဲ့သည်။

တရုတ်နှင့် လစ်သူယေးနီးယားအကြား တင်းမာမှုများသည် မကြာသေးသည့် လများအတွင်း မြင့်တက်ထားခဲ့သည်။ ပြီးခဲ့သည့် မေလက လစ်သူ‌ယေးနီးယားသည် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများနှင့်အကြား တရုတ်၏ ၁၇+၁ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကနေလည်း နုတ်ထွက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly