တရုတ်ကိုဗစ်ကာကွယ်ဆေးက ရောဂါကာကွယ်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းသာ ရှိ၍ booster ဆေးတစ်ကြိမ် ထပ်ထိုးသင့်ဟု လေ့လာချက်တွင် တွေ့ရှိ

တရုတ်ကိုဗစ်ကာကွယ်ဆေးက ရောဂါကာကွယ်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းသာ ရှိ၍ booster ဆေးတစ်ကြိမ် ထပ်ထိုးသင့်ဟု လေ့လာချက်တွင် တွေ့ရှိ

တရုတ်၏ Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံသူ မည်သူမဆိုအနေဖြင့် တတိယမြောက် ထပ်ဆောင်းထိုး (booster dose) တစ်ကြိမ် ထပ်မံထိုးနှံခံသင့်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

အဆိုပါ တရုတ်ကာကွယ်ဆေးကို အသုံးပြုထားခဲ့သည့် ပီရူးနိုင်ငံမှ လက်တွေ့စမ်းသပ်မှု ဒေတာအချက်အလက်များအရ ထိုကာကွယ်ဆေးကို နှစ်ကြိမ် ထိုးနှံခြင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှု အန္တရာယ်ကို ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားခဲ့သည်။

ကူးစက်မှုကို ဟန့်တားရာတွင် ထို တရုတ်ကာကွယ်ဆေး၏ ထိရောက်မှုက “မြင့်မားခြင်း မရှိ” ဟု အဆိုပါ တောင်အမေရိကနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် လေ့လာတွေ့ရှိချက်များတွင် ထုတ်ဖော်ထားသည်။

ထို့အတွက်ကြောင့် boosters ဆေးတစ်ကြိမ် ထိုးနှံမှုကို စဥ်းစားသင့်ကြောင်း သုတေသီများက ပြောသည်။

သို့သော် ထိုကာကွယ်ဆေးသည် သေဆုံးနိုင်ခြေ အန္တရာယ်ကို လျှော့ချရာတွင် ၉၄ ရာခိုင်နှုန်းခန့် ထိရောက်မှု ရှိနေဆဲဖြစ်သည်ကို ဒေတာအချက်အလက်များက ပြသနေသည်ဟု သိရသည်။

ဗြိတိန်နိုင်ငံတွင် booster တစ်ကြိမ် ထိုးနှံရန် လိုအပ်သလားဆိုပြီး ငြင်းခုံဆွေးနွေးမှုတစ်ခု ရှိနေစဥ် အထက်ပါ လေ့လာတွေ့ရှိချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် AstraZeneca သို့မဟုတ် Pfizer ကာကွယ်ဆေးများကို နှစ်ကြိမ် ထိုးပြီးနောက် ကူးစက်မှုကနေ ကာကွယ်နိုင်စွမ်းသည် ၆၅ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအတွင်း အမျိုးမျိုး ကွဲပြားစွာ ရှိနေခဲ့သည်။

ပီရူး၏ အမျိုးသားကျန်းမာရေး အင်စတီကျူ့နှင့် အခြား အင်စတီကျူ့နှစ်ခုတို့မှ ပညာရှင်များသည် တရုတ်နိုင်ငံပိုင် ဆေးဝါးကုမ္ပဏီ Sinopharm က ထုတ်လုပ်သည့် BBIBP-CorV ကာကွယ်ဆေး ထိုးနှံခံခဲ့သူ ရှေ့တန်းတိုက်ပွဲဝင် ဆေးဘက်အမှုထမ်း ၄၀၀,၀၀၀ နီးပါးကို စောင့်ကြည့်ခဲ့သည်။ အများစုသည် ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသူများ ဖြစ်ကြသည်။

ပီရူးနိုင်ငံတွင် ကူးစက်မှု ဒုတိယလှိုင်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည့် ဖေဖေါ်ဝါရီလနှင့် ဇွန်လအကြားတွင် ထိုကာကွယ်ဆေး၏ ထိရောက်နိုင်စွမ်းနှင့်ပတ်သက်သည့် ဒေတာများကို ပညာရှင်များက ခွဲခြမ်းစိတ်ဖြာခဲ့သည်။

BBIBP-CorV သည် တောင်အမေရိက၊ အာရှ၊ အရှေ့ဥရောပနှင့် အာဖရိကတို့ရှိ နိုင်ငံတစ်ချို့တွင် အသုံးပြုရန်အတွက် အတည်ပြုချက်ရထားသည်။

ပီရူးနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ပထမဆုံး ထိုးနှံခံခဲ့ကြသူများ ဖြစ်ကာ အားလုံးကို Sinopharm ကာကွယ်ဆေးထိုးပေးခဲ့ပြီး အကြောင်းမှာ ယင်းသည် နိုင်ငံကို ပထမဆုံး ရောက်ခဲ့သည့် ကာကွယ်ဆေးဖြစ်ခဲ့၍ ဖြစ်သည်။

ပီရူးတွင် ယင်းနောက်ပိုင်း AstraZeneca နှင့် Pfizer ကာကွယ်ဆေးတို့ဖြင့် လူတစ်ချို့ကိုထိုးနှံပေးခဲ့သည်။

ကမ္ဘောဒီးယားနှင့် ယူအေအီးအပါအဝင် နိုင်ငံများသည် Sinopharm ကာကွယ်ဆေးထိုးနှံထားပြီးသားသူများကို ယူကေနှင့်အမေရိကန် ကာကွယ်ဆေးများသုံးပြီး booster ဆေးတစ်ကြိမ် ထိုးနှံပေးမည်ဟု ကမ်းလှမ်းထားခဲ့ကြပြီး ဖြစ်သည်။

စပိန်ဘာသာဖြင့် ကနဦး ဖော်ပြခဲ့ပြီး ရိုက်တာက ဘာသာပြန်ဆိုခဲ့သည့် သုတေသနစာတမ်းအရ ‘ကူးစက်မှုကို ကာကွယ်ရန် ထိရောက်မှု မြင့်မားခြင်း မရှိ” ဟု ဖော်ပြထားသည်။

‘လူဦးရေရဲ့ ရာခိုင်နှုန်းအများစု ဆေးနှစ်ကြိမ် ထိုးနှံခံပြီးတာနဲ့တပြိုင်နက် စဥ်းစားစရာတစ်ခု ရှိနေပါတယ်’ ဟုလည်း ယင်းတွင် ဖော်ပြခဲ့သည်။

ယင်းသည် ရှေ့တန်းကနေ တိုက်ပွဲဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးနိုင်ရေးအတွက် သင့်မြတ်အောင် ဆောင်ရွက်ရန် booster ဆေးတစ်ကြိမ် ထိုးနှံမှုများကို စဥ်းစားသွားနိုင်သည့် အခိုက်အတန့်တစ်ခု ဖြစ်လိမ့်မည်ဟု ယင်းက ဖော်ပြသည်။

“လေ့လာချက်ထဲမှာ ပါဝင်ထည့်သွင်းထားခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ စမ်းသပ်တွေ့ရှိမှု အများစုကတော့ ရောဂါလက္ခဏာပြတဲ့ လူတွေဆီကနေ လာတာဖြစ်ပါတယ်၊ တစ်ချိန်ထဲမှာလည်း တစ်ချို့ကတော့ သူတို့ ကူးစက်ခံရပြီလို့ သံသယရှိတဲ့အခါမှာ စမ်းသပ်ခံခဲ့ကြတာလည်း ရှိပါတယ်” ဟု ပီရူး ကျန်းမာရေးအင်စတီကျူ့မှ ဒေါက်တာ လယ်လီ ဆိုလာရီက ရိုက်တာကို ပြောသည်။

“ဖြစ်နိုင်ခြေ အရှိဆုံးကိစ္စက ရှင်တို့အနေနဲ့ တစ်ချိန်ချိန်မှာတော့ တတိယမြောက် ဆေးတစ်ကြိမ် အမှန်တကယ် လိုအပ်မယ်ဆိုတာပဲဖြစ်ပါတယ်၊ မေးရမယ့် မေးခွန်းကတော့ အဲဒီ တတိယမြောက်

ဆေးတစ်ကြိမ်ထိုးဖို့ ဘယ်အချိန်က အကောင်းဆုံး အချိန်ဖြစ်မလဲ ဆိုတာနဲ့ ဘယ်ကာကွယ်ဆေးအမျိုးအစားနဲ့ သုံးရမလဲ ဆိုတာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကူးစက်မှုများကနေ ကာကွယ်ရာတွင် ၅၀ ဒသမ ၄ ရာခိုင်နှုန်း ထိ‌ရောက်မှု ရှိသည်ဆိုသည်က နည်းပါးနေသော်လည်း ယင်းအတိုင်းအတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လက်ခံထားဆဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၅၀ ရာခိုင်နှုန်း ထိရောက်မှုလယ်ဗယ် ရှိရန်လိုသည်ဟု သတ်မှတ်တောင်းဆိုထားသည်။

ထို တရုတ်ကာကွယ်ဆေးသည် မူလက လက်တွေ့စမ်းသပ်ချက်များထဲတွင် ၇၈ ဒသမ ၁ ရာခိုင်နှုန်း ထိရောက်မှု ရှိသည်ဟု တွေ့ရှိထားခဲ့ကြောင်း WHO က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly