မြန်မာတွင် စစ်အာဏာသိမ်းမှုအပြီး သေဆုံးသူ ၁,၀၀၀ ကျော်အထိ ရှိလာ

မြန်မာတွင် စစ်အာဏာသိမ်းမှုအပြီး သေဆုံးသူ ၁,၀၀၀ ကျော်အထိ ရှိလာ

ဩဂုတ် ၁၈

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်တစ်ခုအဖြစ် အပြစ်မဲ့ သေဆုံးရသူဦးရေသည် သြဂုတ် ၁၈ ရက်တွင် ၁,၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ AAPP အဖွဲ့သည် နိုင်ငံတွင် အာဏာသိမ်းအုပ်စု၏ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုများကို မှတ်တမ်းပြုစုနေခဲ့သည့် တက်ကြွလှုပ်ရှားသူအဖွဲ့ ဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် ကိုးကားနေသည့် AAPP ၏ ကိန်းဂဏန်းများသည် ချဲ့ကားထားခြင်းသာ ဖြစ်ကြောင်း စစ်တပ်အာဏာပိုင်များက အစောပိုင်းက ပြောထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားလည်း သေဆုံးထားခဲ့ကြောင်း စစ်တပ်က ပြောထားသေးသည်။ သို့သော် အဆိုပါ သေဆုံးမှုများကို AAPP က ထည့်သွင်းစာရင်းပြုစုခြင်း မရှိပေ။

“အေအေပီပီရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းမှတ်တမ်းတွေအရ အပြစ်မဲ့ပြည်သူ ၁,၀၀၁ ဦး ကျဆုံးခဲ့ရပါပြီ” ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ရိုက်တာကို ပြောသည်။ “အမှန်တကယ် ကျဆုံးသွားသူအ‌ရေအတွက်က အတော်လေး ပိုမိုများပြားနေနိုင်ပါတယ်”

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖရိုဖရဲ အခြေအနေအောက် ကျရောက်ထားခဲ့ပြီး နေ့စဉ်နှင့်အမျှ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ရှိနေသလို အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် တိုက်ပွဲများလည်း ရှိနေသည်။၊ အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေများအောက်တွင် နိုင်ငံ စီးပွားရေးသည်လည်း ကြီးကြီးမားမား ထိခိုက်ထားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲပြီး စစ်တပ်က ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြတ်ချပြီး အာဏာသိမ်းယူခဲ့သည်။ ထိုကဲ့သို့ မဲမသမာမှုများ ရှိသည်ဆိုသော စစ်တပ်၏ စွပ်စွဲချက် မှားယွင်းကြောင်း ယခင် ရွေးကောက်ပွဲကော်မရှင်ရော နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကပါ ပြောဆိုထားခဲ့သည်။

စစ်တပ်အာဏာပိုင်များကမူ ၎င်းတို့ အာဏာရယူမှုကို အာဏာသိမ်းမှုအဖြစ် မခေါ်ဆိုသင့်ကြောင်း၊ ယင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required