သေဆုံးသူ ၂၀၀၀ နားကပ်လာတဲ့ ငလျင်ဘေးကြုံ ဟေတီမှာ မုန်တိုင်းဝင်ပြီး ရေကြီးမှုဘေးပါ ခြိမ်းခြောက် 

သေဆုံးသူ ၂၀၀၀ နားကပ်လာတဲ့ ငလျင်ဘေးကြုံ ဟေတီမှာ မုန်တိုင်းဝင်ပြီး ရေကြီးမှုဘေးပါ ခြိမ်းခြောက် 
Photo - AFP

ဩဂုတ် ၁၈

ငလျင်ဘေး ကြုံနေတဲ့ ဟေတီနိုင်ငံမှာ အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းတဲ့ ဒဏ်ကို ငလျင်ဒဏ်သင့် ပြည်သူတွေဟာ ထပ်ဆင့် ခံစားနေရပြန်ပါတယ်။  

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၂ အဆင့် ငလျင် လှုပ်ခဲ့ရာမှာ သေဆုံးသူဦးရေက ၁၉၄၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကာရေဘီယံ ကျွန်းနိုင်ငံရဲ့ အရပ်သားကာကွယ်ရေးအေဂျင်စီက အင်္ဂါနေ့မှာ ပြောပါတယ်။ 

ပို့အော်ပရင့်စ်မြို့တော် အနောက်ဖက် မိုင် ၁၀၀ ခန့်အကွာ နိုင်ငံ အရှေ့တောင်ပိုင်းမှာ စနေနေ့က လှုပ်တဲ့ ငလျင်ကြောင့် ဒဏ်ရာရဦးရေဟာလည်း ၉၉၀၀ ကျော်ထက်မနည်း ရှိကြောင်း နောက်ဆုံး ထပ်တိုးနှုန်းစာရင်းအရ သိပါတယ်။ 

အိမ်ခြေပေါင်း ၆၀၀၀၀ ကျော်ထက်မနည်း ပြိုလဲကျပြီး ၇၆၀၀၀ ကျော် ပျက်စီးခဲ့တာနဲ့အတူ ဒီ သဘာဝဘေးကြီးရဲ့ ဒဏ်ကို ရင်ဆိုင်ခံစားနေရတဲ့ ကလေးငယ် သန်းဝက်ကျော်မက ရှိတယ်လို့ ကုလသမဂ္ဂ ကလေးငယ်များအေဂျင်စီ UNICEF က ပြောပါတယ်။ 

နိုင်ငံကို အပူပိုင်း ဂရေ့စ်မုန်တိုင်း ဖြတ်သန်းတိုက်ခတ်သွားတာကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားမှာပဲ လက်စ်ကေးယက်စ် ကမ်းရိုးတန်းမြို့က ဒေသခံတွေဟာ ဘောလုံးကွင်းတစ်ကွင်းမှာ ယာယီခိုလှုံရေးစခန်းတွေ စတင်တည်ဆောက်နေကြရပါတယ်။ 

အဆောက်အအုံ အနည်းငယ်ပဲ ကျန်ရစ်တာကြောင့် မြို့က လမ်းတွေမှာ လူတွေဟာ အဆင်သင့်သလို နေနေရတယ်လို့ သည်းထန်တဲ့ မိုးကနေ အကာအကွယ်အဖြစ် မိုးကာဝတ်စုံပဲ ဝတ်ထားနိုင်ရှာသူ အသက် ၄၁ နှစ်အရွယ် မာဂါလိုင်းကာဒက်က ပြောပါတယ်။ 

လက်စ်ကေးယက်စ်မြို့မှာ ငလျင်ကြီးနောက်ပိုင်း ရက်အတော်ကြာတဲ့အထိ နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်နေဆဲ ဖြစ်ပြီး ဒေသခံတွေ စိုးရိမ်စိတ် ပိုများလို့ နေကြရပါတယ်။ “မနေ့ ညနေက ဘုရားကျောင်းနားမှာ ခိုလှုံရာနေရာ ကျွန်တော် ရခဲ့တယ်၊ ဒါပေမဲ့ ငလျင်လှုပ်သံ ထပ်ကြားတာနဲ့ လမ်းပေါ်ဆီပဲ ပြန်ပြေးထွက်လာခဲ့ရတာ ဖြစ်တယ်”လို့ ကာဒက်က ဆိုပါတယ်။ 

အစိုးရက ငလျင်ဒဏ်သင့် ပြည်နယ် လေးပြည်နယ်ကို တစ်လကြာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အပျက်အစီးတွေအောက်ကနေ အသက်ရှင်လျက် လူ ၃၄ ဦးကို ကယ်ဆယ်ရေးသမားတွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အမေရိကန်နိုင်ငံကလည်း အရေးပေါ် ဆေးဝါးကုသရေးအတွက် ကူညီဆောင်ရွက်ပေးနေပြီး ဟွန်ဒူးရပ်စ်နိုင်ငံဆီကနေ စစ်ရဟတ်ယာဉ် ရှစ်စင်း စေလွှတ်ထားစေခဲ့ပြီး လူ ၄၀ ခန့်ကိုလည်း အားချင်းဆေးဝါးကုသပေးဖို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန် ရေတပ်သယ်ပို့သင်္ဘော USS Arlington က ဆေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့ လိုက်ပါပြီး ဟေတီနိုင်ငံဆီ ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိမယ်လို့ ပင်တဂွန်နက ပြောပါတယ်။ 

ဆင်းရဲတဲ့ ဟေတီနိုင်ငံဆီ ဂရေ့စ်မုန်တိုင်း တိုက်ခတ်တာကြောင့် မိုးရေချိန် ၁၅ လက်မအထိ မြင့်တက်ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေနဲ့ မြို့တွေမှာ ရေကြီးရေလျှံမှုတွေအပြင် ရွံ့မြေပြိုကျမှုတွေပါ ဖြစ်လာနိုင်ကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly