ကဘူးလ်မြို့ကို ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားလည်ပတ်စေပြီး  တာလီဘန်တို့ အာဖဂန်တွင် အာဏာစုစည်းခိုင်မာစေရန် လုပ်ဆောင်

ကဘူးလ်မြို့ကို ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားလည်ပတ်စေပြီး  တာလီဘန်တို့ အာဖဂန်တွင် အာဏာစုစည်းခိုင်မာစေရန် လုပ်ဆောင်
Photo - AFP

ဩဂုတ် ၁၇

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့သည် နိုင်ငံတဝန်း အဓိကနယ်မြေဒေသများကို အလျင်အမြန်သိမ်းယူပြီး တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယခုအခါတွင် အာဏာ စုစည်းခိုင်မာစေရေးအတွက် လုပ်ဆောင်လာခဲ့သည်။

မြို့တော် ကဘူးလ်ကို ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားလည်ပတ်နိုင်ရန် တာလီဘန်တို့ သြဂုတ် ၁၇ ရက်တွင် လုပ်ဆောင်နေခဲ့ရာ မြို့ခံများမှာ သတိဖြင့်သာ ရှိနေခဲ့ကြပြီး လမ်းပေါ်ထွက်လာသူ အမျိုးသမီးဦးရေ အနည်းအကျဉ်းမျှသာ ရှိခဲ့သည်။

ယင်းနိုင်ငံတွင် တာလီဘန်တို့ လက်အောက် တရားသေဝါဒစွဲကိုင်ပြီး တင်းကျပ်သော အစ္စလမစ်အုပ်ချုပ်မှုကနေ ထွက်ပြေးရန် သို့မဟုတ် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုကြာ အုပ်ချုပ်ခဲ့သည့် အမေရိကန်ကျောထောက်နောက်ခံပြုအစိုးရဘက်ကို ထောက်ခံခဲ့မှုအတွက် တိုက်ရိုက်ဒဏ်ခတ်ခံရမည်ကို စိုးရိမ်မှုကြောင့် လူပေါင်းသောင်းနှင့်ချီတို့သည် ယင်းနိုင်ငံကနေ ထွက်ပြေးရန် ကြိုးပမ်းထားခဲ့ကြသည်။

ကဘူးလ်လေဆိပ်ကနေ ရွှေ့ပြောင်းသယ်ဆောင်ရေး လေယာဉ်ခရီးစဉ်များ သြဂုတ် ၁၇ ရက်တွင် ပြန်လည်စတင်ထွက်ခွာခဲ့ပြီး ထိုမတိုင်မီ အစောပိုင်းရက်က လေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် များပြားလှသည့် လူအုပ်စုကြီး စုပြုံရှိနေခဲ့ပြီး ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ထားခဲ့သည်။ ယင်းအချိန်က လူတစ်ချို့သည် ပျံတက်ရန် ပြင်ဆင်နေသည့် အမေရိကန်စစ်လေယာဉ်တစ်စင်း၏ အပြင်ဘက် ကိုယ်ထည်ပေါ် ကုပ်ကက်တွယ်တက် လိုက်ပါသွားရန်အထိပင် လုပ်ဆောင်ခဲ့မှုများပင် ရှိခဲ့သည်။

တာလီဘန်တို့သည် ယင်းနိုင်ငံတွင် ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အပယ်ခံအစိုးရတစ်ရပ်ကို ဦးဆောင်ခဲ့ပြီး ယင်းအချိန်ကာလများတွင် မိန်းကလေးများ ကျောင်းသွား၍ မရနိုင်ခြင်း၊ ပြည်သူများကို ကျောက်ခဲပစ်ပေါက်သတ်ခြင်း စသည့် ရက်စက်သည့် အုပ်ချုပ်မှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုများနောက်ပိုင်း အယ်လ်ကိုင်ဒါအဖွဲ့ကို တာလီဘန်တို့ ခိုလှုံခွင့်ပေးခြင်းအပေါ် တုံ့ပြန်ပြီး အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များက အာဖဂန်နစ္စတန်ကို ကျူးကျော်ဝင်‌ရောက်တိုက်ခိုက်ပြီး တာလီဘန်တို့ကို ဖြုတ်ချခဲ့သည်။

ယခုအခါ တာလီဘန်တို့ တစ်ဖန် အာဏာပြန်ရလာပြီးနောက်တွင် သြဂုတ် ၁၇ ရက်က အစိုးရအမှုထမ်းအားလုံးအတွက် “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်” ကြေညာခြင်းအပါအဝင် ထိန်းထိန်းသိမ်းသိမ်းလုပ်ကိုင်မှုနှင့် အလွန်အကျွံမဖြစ်မှု အရိပ်အယောင်တစ်ခုကို ပြသနိုင်ရန် ကြိုးပမ်းထားခဲ့သည်။

“အစိုးရ ဌာန အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ သူတို့တွေရဲ့ တာဝန်တွေကို စိတ်ကျေနပ်မှုအပြည့်အဝနဲ့ ပြန်လည်စတင် ထမ်းဆောင်နိုင်ပါပြီ၊ အကြောက်တရားမရှိဘဲနဲ့ သူတို့ရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်သင့်ပါတယ်”ဟု တာလီဘန်တို့က ထုတ်ပြန်ကြေညာခဲ့သည်။

ကဘူးလ်မြို့တွင် ဈေးဆိုင်တစ်ချို့ ပြန်လည် ဖွင့်လှစ်ပြီး ယာဉ်ထိန်းရဲများလည်း လမ်းများပေါ် ပြန်ရောက်လာခဲ့ကြသလို ပထမဆုံး သံတမန် အစည်းအဝေးတစ်ခုအဖြစ် ရုရှားသံအမတ်နှင့် တွေ့ဆုံမည့် အစည်းအဝေးအတွက်လည်း  ပြင်ဆင်မှုများ လုပ်ဆောင်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required