ငလျင်ကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးတဲ့ ဟေတီနိုင်ငံဆီ မုန်တိုင်း ချည်းကပ်လာနေ 

ငလျင်ကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးတဲ့ ဟေတီနိုင်ငံဆီ မုန်တိုင်း ချည်းကပ်လာနေ 
Photo - AFP

ဩဂုတ် ၁၇

ဟေတီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ရက်က ငလျင်ကြီးလှုပ်ခဲ့ပြီး သေဆုံးသူ ၁၄၀၀ ကျော်အထိ မြင့်တက်လာတဲ့ တနင်္လာနေ့မှာ ကယ်ဆယ်ရေးသမားတွေဟာ ပြားပြားဝပ်ပြိုကျနေတဲ့ အဆောက်အအုံတွေအောက် အသက်ရှင်ကျန်ရစ်နိုင်သူတွေကို စက်ပစ္စည်းကြီးတွေနဲ့အတူ ကိုယ့်လက်ကိုယ်ခြေ သုံးပြီး ရှာဖွေရေး လုပ်ဆောင်နေရတဲ့အချိန်မှာပဲ ချည်းကပ်လာနေတဲ့ မုန်တိုင်းကြောင့် ပိုပြီး ဘေးဒုက္ခတွေ ရင်ဆိုင်ရဖို့ ခြိမ်းခြောက်လို့ လာပါတယ်။ 

စနေနေ့ အစောပိုင်းက အိမ်ခြေအဆောက်အအုံ ထောင်ပေါင်းများစွာ ပြိုလဲပျက်စီးခဲ့ရတဲ့ ပြင်းအား ၇ ဒသမ ၂ အဆင့် ငလျင်ဒဏ် ကြုံခဲ့ရာ ကာရေဘီယံ ဟေတီနိုင်ငံ အရှေ့တောင်ပိုင်း ကျွန်းစုမှာ ရှေ့ပြေးလှိုင်းတွေ ရိုက်ခတ်တာကြောင့် ရေကြီးမှုနဲ့ ရွှံ့မြေပြိုကျမှုတွေ ဖြစ်လာနိုင်တဲ့ ဘေးရှိနေပါတယ်။ 

ဆေးရုံတွေမှာလည်း ထိခိုက်ဒဏ်ရာရ လူနာတွေနဲ့ ဝန်ပိနေပြီး အပူပိုင်းမုန်တိုင်း ဂရေ့စ်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ရှေ့မဆက်နိုင်တော့မယ့် အခြေအနေမျိုးနဲ့ ကြုံကြိုက်နေရပါတယ်။ 

မြို့တော် ပို့အော်ပရင့်စ်ရဲ့ အနောက်ပိုင် မိုင် ၁၀၀ အကွာခန့်မှာ လှုပ်သွားတဲ့ အားပြင်းငလျင်အတွင်း တနင်္လာနေ့အထိ ကောက်ယူရရှိတဲ့ သေဆုံးသူဦးရေဟာ ၁၄၁၉ ဦး ရှိပြီး ဒဏ်ရာရသူပေါင်း ၆၉၀၀ ဦးရှိတယ်လို့ ဟေတီ အရပ်သားကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။ 

ငလျင်အတွင်းမှာ ပျက်စီးဆုံးရှုံးတဲ့ အိမ်ခြေပေါင်း ၃၇၀၀၀ ကျော် ရှိနေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ 

“ကျွန်တော်တို့ စိတ်ဓာတ် ကျဆင်းနေပါပြီ၊ ဒါကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ လုံးဝ တွေးမရတော့ဘူး”လို့ ဆိုးဆိုးဝါးဝါး ထိခိုက်တဲ့ ပို့ဆလုမြို့က ဆေးရုံမှာ အကူအညီပေးနေသူ အသက် ၂၆ နှစ်အရွယ် ဝမ်းဆွဲဆရာမ အလိုင်းကာဒက်က ပြောပါတယ်။ 

“ဒီ ဆေးရုံမှာ ကိုယ်ဝန်ဆောင်တွေ ရှိတယ်၊ ဒါပေမယ့် သူတို့တွေ လဲကျတာ၊ ဒဏ်ရာရတာတွေကြောင့် ကလေးပျက်ကြသွားကြတယ်”လို့ သူက ဖြည့်စွက်ပြောပါတယ်။ 

ကာရေဘီယံက ဟစ်စပန်နီယိုလာကျွန်းကို ခွဲယူထားတဲ့ ဟေတီနဲ့ ဒိုမီနီကန်နိုင်ငံတွေမှာ ဂရေ့စ်မုန်တိုင်းကြောင့် မိုးရေချိန် ငါးလက်မကနေ ၁၀ လက်မအထိ မြင့်တက်နိုင်ပြီး အင်္ဂါနေ့ဆိုရင် တောင်ပိုင်းနယ်မြေတွေမှာ အမြင့်ဆုံး မိုးရေချိန် ၁၅ လက်မအထိ မြင့်တက်နိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာ NHC အရ သိရပါတယ်။ 

“မိုးသည်းထန်တာတွေကြောင့် ရေကြီးမှုတွေနဲ့ မြို့တွေမှာ ရေလျှံရေလွှမ်းမှုတွေ ဖြစ်လာနိုင်တယ်၊ မြေပြိုမှုဘေးလည်း ရှိလာလိမ့်မယ်”လို့ ယင်း စင်တာက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly